
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာရသည့် ရခိုင်စစ်ဘေးရှောင်များအား စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ဧည့်စာရင်းစစ်ပြီး လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်နိမိတ်ထိစပ်နေသည့် ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းနှင့် အသုတ် စသည့် မြို့နယ်များတွင် လာရောက်စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်များအား လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများမှ ပြောသည်။
” စစ်ဘေးရှောင်တွေကို လိုက်ရှာဖမ်းနေတာ၊ တချို့ဆိုငွေတောင်းပြီး ပြန်လွှတ်ပေးတာရှိပေမယ့် အများစုကိုတော့ ဖမ်းထားတယ်။ ဘာလို့ဖမ်းတယ်ဆိုတာမျိုးတော့ ထုတ်ပြောတာမရှိဘူး”ဟု သာပေါင်းမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အရက္ခတပ်တော် ( AA ) သည် ဂွမြို့နယ်သို့ ထိုးစစ်များစတင်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်အထိနာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများစုသည် သာပေါင်း၊ ရေကြည်နှင့် အသုတ်စသည့် မြို့နယ်တို့တွင် ဘုန်ကြီးကျောင်းများ၊ ဆွေမျိုးများနေအိမ်တို့တွင် နေထိုင်ရသူများသလို အိမ်ငှါးနေရသူများလည်းရှိကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
အရက္ခတပ်တော် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမည်ကို စိတ်ပူပြီး စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ကားများပါမကျန် စစ်ဆေးမှုများပြုလုပ်နေသလို ကမ်းခြေဒေသများသို့လည်း လေယာဉ်များအသုံးပြုကာ ကင်းထောက်လှမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီတိုင်း #ရခိုင်စစ်ဘေးရှောင် #စစ်ကောင်စီတပ် #လိုက်လံဖမ်းဆီး #ရေကြည် #ငါးသိုင်းချောင်း #အသုတ် #Ayeyarwaddy_Times