
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
ထိုင်းနိုင်ငံ၊ ဘန်လန်မြို့နယ်၊ ဘန်ပလ ကျေးရွားအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်ယံအချိန်တွင် ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် ထွက်ပြေးသည့် မြန်မာနိုင်ငံသား ခုနစ်ဦး ပါဝင်သည့် ပစ်ကပ်ကားမှာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ခုနစ်ဦးစလုံး သေဆုံးခဲ့ကြောင်းသိရသည်။
ဘန်လန်ရဲတပ်ဖွဲ့အဆိုအရ ၎င်းတို့ကင်းလှည့်နေစဉ် အဆိုပါအဖုံးပါပစ်ကပ်ကားတစ်စီးကို တွေ့ခဲ့သည့် အတွက် စစ်ဆေးရန် ယာဉ်မောင်းကို ပြောဆိုစဉ် အရှိန်ဖြင့် မောင်းနှင်ထွက် ပြေးသွားသည့်အတွက် လိုက်ခံဖမ်းဆီးစဉ် ဓာတ်တိုင်ကို ဝင်တိုက်မိပြီး ဘေးရှိမြောင်းထဲသို့ထိုးကျကာ မြန်မာအလုပ်သမား ခုနစ် ဦးလုံး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ခုနစ် ဦးအနက် ငါး ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်နှစ်ဦးမှာ အမျိုးသားများဖြစ်ကာ ယာဉ်မောင်းလိုင်စင်ကတ်ရှာ ဖွေတွေ့ရှိခဲ့သည့် အသက် ၂၀ ဝန်းကျင် အောင်အောင်ဦးမှ လွဲ၍ အခြားသူများ၏ အချက်အလက်ကို အတည်ပြုနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။
အဆိုပါကားမှာ ဓာတ်မီးတိုင်ကိုဝင်တိုက်မိပြီးနောက် နှစ်မီတာအနက်ရှိသည့် မြောင်းအောက်ခြေအထိ ထိုးကျသွားပြီး ယာဉ်ပေါ်တွင် သေဆုံး သူနှစ်ဦးကို တွေ့ရှိခဲ့ရကာ ကျန် ငါး ဦး၏ အလောင်းများကို မြောင်းထဲတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူများ၏ ပစ္စည်းများမှာ မြောင်းထဲသို့ မျောပါသွားပြီး ၎င်းတို့မှာ မီးဖိုချောင်သုံးပစ္စည်းများ၊ ခြင်ထောင်ငွေသား ဘတ် ၁၃၀၀၀ တို့ကို တွေ့ရှိခဲ့ပြီး သေဆုံးသူများသည် အခြားခရိုင်တစ်ခုသို့ အလုပ်သွားရောက်လုပ်ဆောင်မည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ကိုးကား – Bangkok Post
Refs; Seven killed in crash while fleeing police
#ထိုင်းရဲလိုက်ဖမ်း #ကားဖြင့်ထွက်ပြေး #မြန်မာနိုင်ငံသား၇ဦးသေဆုံး #Ayeyarwaddy_Times