နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

တန့်ယန်းမြို့ကို ဝင်ရောက် ထိန်းချုပ်ပြီးနောက် ပထမဆုံးအကြိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို ဖမ်းဆီး၍ တရုတ်အစိုးရဆီ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထံမှ သိရသည်။

အဆိုပါ မြို့အတွင်း “ဝ” တပ်ဖွဲ့ ကင်းလှည့်နေချိန် သတင်းရရှိ၍ သွားရောက်ရှာဖွေရာမှ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ ၁၀၀၀ ကျော်အား starlink ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ဗျူတာ ၈၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ “ဝ”အဖွဲ့ လှုပ်ရှားတဲ့ တန့်ယန်းနယ်မှာ ၁၀၀၀ ကျော် ဖမ်းမိတယ်။ ၇၆၂ ယောက်က တရုတ်ပြည်က“ ဟု UWSA ပြောခွင့်ရ ဦးညီရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်က မိုင်းမောခရိုင်၊ ပန်ဝိုင်မြို့ရှိ ဒီယုံးဟော့ “ဝ”- တရုတ် နယ်ခြားဂိတ်တွင် သက်သေခံ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အလားတူ ဖမ်းဆီးရမိရာတွင် ကျန်ရှိသည့် ၃၀၀ ခန့်မှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသဖြင့် စစ်ဆေးမေးမြန်း၍ ပြန်လွတ်ရန် ရှိနေကြောင်း UWSA ပြောခွင့်ရ ဦးညီရန်း၏ ဆက်လက်ပြောပြချက်အရ သိရသည်။

တန့်ယန်းမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း “ဝ” တပ်ဖွဲ့က အင်အား ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ် အရှေ့ခြမ်းမှ ဝင်ရောက်တပ်စွဲ၍ ထိန်းချုပ်လိုက်ပြီး ထိုအပေါ် ဒေသခံများ၏ တောင်းဆိုချက်အရဟု ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ-Wa Youths
#ဝတပ်ဖွဲ့ #UWSAထိန်းချုပ် #တန့်ယန်းမြို့ #ကျားဖြန့်လုပ်ကိုင်သူ #တရုတ်နိုင်ငံသား၇၀၀ #တရုတ်ထံလွှဲအပ် #Ayeyarwaddy_Times