ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီရေတပ်ကို လစဉ်ကြေးအဖြစ် တစ်လလျှင် ကျပ်သိန်း ၃၀ ပေးဆောင်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖျာပုံမြို့နယ်အတွင်းမှ ဒေါ်ငြိမ်းကျေးရွာ၊ကဗျက်ကျေးရွာ၊ဗန်ဒါပင်‌ကျေးရွာ၊နောက်မီးကျေးရွာ၊အောင်လှိုင်ကျေးရွာ၊ပက်ကျဲကျေးရွာရှိ ရေလုပ်ငန်းနှင့်ကျားဖောင်လုပ်ငန်းလုပ်ကိုင်ကြသော လုပ်ငန်းရှင်များထံမှ တောင်းယူနေကြောင်း သိရှိရသည်။

” ကျားဖောင်က ရာသီချိန်လေးပဲလုပ်ရတာ ပင်လယ်ထဲဆိုတော့ ရေတပ်ကို လစဥ်ကြေးပေးနေရတယ်။ ဒါတောင်အခန့်မသင့်ရင် ဖောင်တွေကို၀င်စစ်သေးတယ်။ ဖောင်သတ်မှတ်ချက်ကျော်လွန်တာတို့ ရေဒါတွေဘာတွေတပ်မထားရင် ဒဏ်ရိုက်သေးတယ် “ဟု လုပ်ငန်းရှင်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျားဖောင်လုပ်ငန်းသည် သြဂုတ်လမှ ဧပြီလအထိ ရှစ်လခန့်သာ လုပ်ကိုင်ကြပြီး ဖောင်ပြုလုပ်သည့် ဝါးများနှင့်စက်သုံးဆီဈေးမြင့်တက်လာခြင်း၊ အလုပ်သမားခနှင့်အထွေထွေစရိတ်များအပြင် ယခုကဲ့သို့ စစ်ကောင်စီရေတပ်ကို လစဉ်ကြေးပေးနေရသည့်အတွက် လုပ်ငန်းရှင်များအတွက် အခက်ကြုံနေကြောင်း သိရသည်။

ကျားဖောင်လုပ်ငန်းများ စတင်ချိန်တွင်လည်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိစေရန်အတွက် မြို့နယ်စစ်ကောင်စီထံမှ ခွင့်ပြုချက်ရရန်အတွက် ကျပ်သိန်း ၅၀ ကျပ်သိန်း ၁၀၀ ကြားပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

#ဖျာပုံမြို့ #ကျားဖောင်လုပ်ငန်း #စစ်ကောင်စီ #ရေတပ် #တစ်လလျှင်သိန်း၃၀ပေးရ #Ayeyarwaddy_Times