ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ရက်

မြန်မာ- တရုတ်နယ်စပ် ကန်ပိုက်တည်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

KIA တပ်များသည် မြန်မာ – တရုတ်နယ်စပ်၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တည်မြို့ကို ယနေ့ နိုဝင်ဘာ ၂၀ရက် နံနက် ၁၀နာရီခန့်မှစ၍ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မြို့ ကို သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များက မြို့တွင်းရှိ ဟိုတယ်တစ်ခုတွင် တပ်စွဲ၍ ပြန်လည်ခုခံခဲ့သော်လည်း KIA က မြို့ကို ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နေ ဒေသခံများ ထွက်ပြေးနေကြရကြောင်း သိရသည်။

“တရုတ်နယ်စပ်ဂိတ်ကနေ ဒေသခံတွေပြေးနေရတယ်။ ရဲစခန်းကို မနက်ကစတိုက်တာ။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားရတယ်။ ဒီညနေတော့ မြို့ထဲ KIAစီးထားလိုက်ပြီ” ဟု ကချင်သတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကိုပြောသည်။

တရုတ်နယ်စပ်ဂိတ်ကို စစ်ရှောင်များ တိမ်းရှောင်နိုင်ရန်ဖွင့်ပေးထားပြီး ဒေသခံများနှင့် စစ်ကောင်စီ မိသားစုဝင်များ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ တရုတ်နယ်စပ်ဂိတ်ကို ဖြတ်ကျော် ထွက်ပြေးနေရကြောင်း သိရသည်။

ကချင်အထူးဒေသ ၁ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း ၁၀၀၁၊ ၁၀၀၂နှင့် ၁၀၀၃တို့ကို KIAက သိမ်းယူထားပြီး ပြီးခဲ့သည့် အောက်တို ဘာ ၁ ရက်နေ့က ချီဖွေမြို့၊ အောက်တိုဘာ ၂ရက်နေ့တွင် ဆော့လော်မြို့နှင့် အောက်တိုဘာ ၁၈ရက်နေ့တွင် ဖီမော်မြို့တို့ကို သိမ်းယူခဲ့သည်။

ဓာတ်ပုံ- ကချင်တောင်တန်း

#ကန်ပိုက်တည်မြို့ #စစ်ကောင်စီ #KIAသိမ်းပိုက် #Ayeyarwaddy_Times