
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့တွင် ယနေ့ နိုဝင်ဘာ ၂ဝ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်က ငလျင်လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့အထိ သိရှိခံစားခဲ့ရကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများထံက သိရသည်။
ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၂ မိုင်ခန့် ကွာဝေးသော ကျိုက်လတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် အနက် ၁၀ ကီလိုမီတာဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန် သည်။
” ငလျင်လှုပ်တာသိလိုက်တယ်။ ကိုယ့်ဘာသာခေါင်းမူး နေတာဆိုတော့ ခေါင်းမူးတယ်မှတ်နေတာ ခဏ ကြာတော့ငလျင် လှုပ်တယ်ဆိုတာ သိလိုက်တယ်။ စက္ကန့်ပိုင်းလောက်ခြားပြီး နှစ်ခါလှုပ်တာ။ ဒုတိယ အကြိမ်မှာ နည်းနည်းကြမ်းတယ် ” ဟု အင်းစိန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အင်အားအနည်းငယ်ရှိသော အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခံရသည့် ကျိုက်လတ်မြို့တွင် ပျက်စီးထိခိုက်မှုရှိ၊ မရှိ ကိုမူ သိရှိရခြင်းမရှိသေးပေ။
ဓာတ်ပုံ – မိုး/ဇလ
#ကျိုက်လတ် #ငလျင်လှုပ် #ရန်ကုန်မြို့ထိခံစားရ #Ayeyarwaddy_Times