ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် လေကြောင်းဖြင့် တပ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။

“မနက် ၁၀ နာရီလောက်ဆို ပုံမှန် လေယာဥ်ဆင်းလာပါပြီ။ တစ်ရက်ကို လေးကြိမ်လောက်ဆင်းတယ်။ အဲ့လိုဆင်းတာက သုံးရက်ဆက်တိုက်ရှိပါပြီ” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ ခလရ ၂၆၆ တပ်ရင်းသို့ Mi 17 ရဟတ်တစ်စီးဖြင့် အဆင်းအတက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အရင်လက ဟားခါးကနေ ထန်တလန်ကို စစ်ကူပို့တယ်။ ပြီးတော့ ဟားခါးကနေ ထန်တလန်တိုက်ပွဲကို လက်နက်ကြီးကျည်တွေ အမြဲပစ်ကူပေးတယ်။ အဲ့ဒီအတွက် ဟားခါးမှာ တပ်အင်အားပြန်ဖြည့်တာနေမယ်” ဟု ဟားခါးဒေသတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

လက်ရှိဟားခါးမြို့တွင် တိုက်ပွဲမရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က အင်အားအများပြားဖြင့် ကင်းလှည့်ခြင်း၊ လုံခြုံရေးတင်းကျပ်ခြင်းများ လုပ်ဆောင်နေသည်။

ဟားခါးမြို့တွင် ယခုနှစ် ဇူလိုင် ၁၂ ရက်မှ နိုဝင်ဘာလ ၁၂ ရက်အထိ ဖြစ်ပွားသည့် လေးလအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံးပြီး သေနတ်အလက် ၅၀ ကျော် သိမ်းဆည်းရမိကြောင်း CDF-Hakha က နိုဝင်ဘာလ ၁၂ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် ထန်တလန်၊ မင်းတပ်၊ ဖလမ်း စသည့်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

ပုံစာ- ဟားခါးမြို့ တွေ့ရစဥ်။(ပုံဟောင်း)

#ဟားခါးမြို့ #စစ်ကောင်စီ #လေကြောင်း #တပ်အင်အား #လက်နက်ခဲယမ်း #ဖြည့်တင်း #Ayeyarwaddy_Times