ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာ ၁၉ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာဒေသ၊ ပင်တီယာကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ) နှင့် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူအမျိုးသမီးနှစ်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။

မရာဒေသ၊ ပင်တီယာကျေးရွာတွင် တပ်စွဲထားသော ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ)တို့ကို မရာကာ ကွယ်ရေးတပ်ဖွဲ့(MDF)နှင့် အာရက္ခတပ်တော် (AA)တို့က ဝင်ရောက်တိုက်ခိုက်သောကြောင့် တပ်စခန်းတစ်ခုကို လက်လွှတ်လိုက်ရကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)ထံက သိရသည်။

မရာလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသော တိုက်ပွဲတွင် အာရက္ခတပ်တော်(AA)ပါဝင်ခြင်းမရှိသလို ချင်းအမျိုးးတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တို့က လမ်းပိတ်ခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း၊ အကြိမ်ကြိမ်ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်ခြင်းတို့ကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မရာကာကွယ်ရေးတပ်ဖွဲ့ (MDF)က ဆိုသည်။

“ပင်တီယာက ကျွန်တာ်တို့ မရာနယ်​မြေဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်ရင်းနဲ့ အဲ့ဒီနေရာကို တစ်ခါထဲ သိမ်းလိုက်တာပေါ့လေ။ အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီခန့်ကြာဖြစ်တာပါ။ ချင်းညီ နောင်အဖွဲ့ဝင်ဖြစ်တဲ့ MDF နဲ့ ဖြစ်တာပါ။ AA မပါပါဘူး” ဟု မရာကာကွယ်ရေးတပ်ဖွဲ့(MDF)၏ ပြောခွင့်ရက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)ကို မရာကာကွယ်ရေးတပ်ဖွဲ့(MDF)နှင့် အာရက္ခတပ်တော်(AA)တို့က ပိုက်တေကျေးရွာကို အင်းအားအလုံးအရင်းဖြင့် လာရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ)ထံက သိရသည်။

“ကျွန်တော်တို့အနေနဲ့ အရင်သွားပစ်တာ လုံးဝမရှိပါဘူး။ သတင်းအမှားကို သူတို့က ပြောင်းပြန် ပြန်လုပ်တာဖြစ်တယ်။ အခုလောလောဆယ် CDF-မရာနဲ့ MDF-မရာအကြားမှာ ဘာသာရေးခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကိစ္စညှိနှိုင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရင်သွားပစ်တာတို့၊ စစ်ရေးအရသွားရောက်နှောက်ယှက်တာတွေ မရှိပါဘူး” ဟု ချင်းကာ ကွယ်ရေးတပ်ဖွဲ့(မရာ)​သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရွှေကျုံလျန်းက ပြောသည်။

ပြည်သူလူထုတွေရဲ့ သတင်းပေးချက်အရ အဆိုပါတိုက်ပွဲတွင် မရာကာကွယ်ရေးတပ်ဖွဲ့ (MDF)ဘက်မှ အာရက္ခတပ်တော် (AA)က ပါဝင်ကူညီပေးကြောင်းသိရပြီး ပင်တီယာကျေးရွာထဲတွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ လူထုများထိခိုက်သေဆုံးကာ ရွာလုံးကျွတ်စစ်ရှောင်နေရကြောင်းချင်းကာကွယ် ရေးတပ်ဖွဲ့(မရာ)က ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)သည် ချင်းလဲန်အစိုးရထံ ပူးပေါင်းခဲ့ပြီး မရာကာကွယ်ရေးတပ်ဖွဲ့(MDF)သည် ချင်းညီနောင်နှင့် ပူးပေါင်းထားသည်။

လက်ရှိချင်းညီနောင်က မြို့သိမ်းတိုက်ပွဲဆင်နွှဲရာတွင် ချင်းလဲန်အစိုးရလက်အောက်ခံကာကွယ် ရေးတပ်ဖွဲ့က ချင်းညီနောင်စစ်ဆင်ရေးကို အဟန့်အတားဖြစ်စေရန် နှောက်ယှက်မှုများပြုလုပ်နေကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-MDF-မရာ
#မရာဒေသ #မရာလက်နက်ကိုင်အချင်းအချင်း #တိုက်ပွဲဖြစ်ပွား #အမျိုးသမီး၂ဦးသေဆုံး #၂ဦးဒဏ်ရာပြင်းထန် #Ayeyarwaddy_Times