ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် (MNDAA)၏ လားရှိုးဧရိယာစစ်ရေး အုပ်ချုပ်မှုကော်မတီက ပြည်သူ့လုံခြုံရေးအခြေအနေများနှင့် လက်ရှိအကောင်အထည် ဖော်ဆောင် ရွက်နေသည့် မူဝါဒအမျိုးမျိုးကို ပြည်သူများ သိရှိနားလည်စေရန်ရည်ရွယ်၍ လူထုနှင့်တွေ့ဆုံ၍ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးကော်မတီ၏ မူဝါဒများကို လူထုသိရှိနားလည်စေရန်နှင့် ပြည်သူများ၏ဘေးကင်းရေး အသိပညာများတိုးမြင့်လာစေရန်အတွက် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့က လားရှိုးမြို့တွင် လူထု တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လားရှိုးမြို့ကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ၏ သိန္နိဋ္ဌာန်ကို အလေးထားပြီး လားရှိုးမြို့ကို ပြန်လည်တည်ဆောက်ရေးတွင် ပြည်သူများတက်ကြွစွာ ပါဝင်ဆောင် ရွက်ကာ သာယာလှပသော အမိမြေကိုအတူတကွ တည်ဆောက်ကြမည်ဟု မျှော်လင့်သည်ဟု MNDAA က ဆိုသည်။

ထို့အပြင် စစ်ကောင်စီလက်ထက်ကကျန်ရစ်ခဲ့သည့် မငြိမ်မသက်သော ပြည်သူ့လုံခြုံရေး ပတ်ဝန်း ကျင်ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဖြေရှင်းဆောင်ရွက်ရန် အထူးဒေသရဲတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းနေကြောင်း MNDAA က ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးသုံးစွမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ခိုးမှု၊ လုယက်မှုစသည့် တရားမဝင်ရာဇဝတ်မှုမျိုးစုံကို နှိမ်နှင်းမှုအားကောင်း စေရုံသာမကဘဲ ရာဇဝတ်မှုကျူးလွန်လေ့ရှိသည့် အချို့နေရာများကို ကင်းလှည့်ခြင်းများတိုးမြှင့်ထားပြီး လုံခြုံသောပတ်ဝန်းကျင်ဖြစ်စေရန် လုပ်ဆောင်နေပြီး ပြည်သူများအနေဖြင့်လည်း အစီရင်ခံတင်ပြရန်နှင့် ဖော်ထုတ်ပြသရန် တိုက်တွန်း ထားသည်။

လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ တဖြည်းဖြည်းပြန်ကောင်းလာပြီဖြစ်ပြီး ပြည်သူ လူထုလိုအပ်ချိန်တွင် ရဲတပ်ဖွဲ့၏ဝန်ဆောင်မှုများကို အမြန်ဆုံးရရှိစေရန် ဌာနဆိုင်ရာအသီးသီးမှ ရဲတပ်ဖွဲ့၏ Hotlines ဖုန်းနံပါတ်များကိုလည်း ကြေညာထားသည်ဟု MNDAA က ထုတ်ပြန်ထားသည်။

#ရှမ်းမြောက် #လားရှိုး #ပြည်သူ #လုံခြုံရေး #မူဝါဒ #အုပ်ချုပ်ရေး #MNDAA #တွေ့ဆုံဆွေးနွေး #Ayeyarwaddy_Times