
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်
စစ်ကောင်စီသည် ယခုနှစ်လယ်ရောင်းချသောကျောက်မျက်ပြပွဲတွင် ပြည်တွင်းနှင့် ပြည်ပရတနာကုန် သည်များကို စစ်ကောင်စီ၏ ဗဟိုဘဏ်က လက်ခံထားသည့် မည်သည့် နိုင်ငံခြားငွေဖြင့်မဆို ဝယ်ယူနိုင်ကြောင်း ပြောင်းလဲသတ်မှတ်ထားသည်။
စစ်ကောင်စီ၏ ၂၀၂၄ နှစ်လယ်ကျောက်မျက်ပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်မတွင် ခင်းကျင်းရောင်းချမည်ဖြစ်ပြီး နိုင်ငံခြားငွေလိုအပ်နေသော စစ်ကောင်စီက ပြည်တွင်းရတနာကုန်သည်များလက်ထဲတွင်ရှိနေသော နိုင်ငံခြားငွေအမျိုးအစားဖြင့် ကျောက်မျက်ရတနာများကိုဝယ်ယူစေရန်ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ယခင်က ပြည်တွင်းရတနာကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် ဝယ်ယူခွင့်ရှိပြီး ပြည်ပရတနာ ကုန်သည်များက ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ဘတ်ငွေတို့ဖြင့်သာ ဝယ်ယူရခြင်းဖြစ်သည်။
လက်ရှိရောင်းချနေသော ကျောက်မျက်ရတနာပြပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုရှိစေရန် တူးဖော်ထားသည်များကိုရောင်းချခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယခုနှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ တို့ပါဝင်ကြောင်း စစ်ကောင်စီထံက သိရသည်။
ဓာတ်ပုံ – MOI
#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #နှစ်လယ်ကျောက်မျက်ပြပွဲ #ဗဟိုဘဏ်လက်ခံ #၂၀၂၄ခုနှစ် #Ayeyarwaddy_Times