ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊ လက်ပံကျေးရွာတွင် စစ်မှုထမ်းမဲပေါက်ထားသည်ကို တိမ်းရှောင်ရန် ကြိုးစားသည်ဟုဆိုကာ ရိုကနှက်ဖမ်းဆီးခံခဲ့ရသည့် လူငယ်တစ်ဦးကို ခြောက်လကြာသည်အထိ အဆက်သွယ်မရပဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

လက်ပံကျေးရွာနေ အသက်၂၄နှစ်အရွယ် ကိုချစ်စမ်းမောင်ဆိုသူအား ပြီးခဲ့သည့်မေလအတွင်း စစ်မှုထမ်းမဲပေါက်ကြောင်းအကြောင်းကြားခဲ့ပြီးနောက်ပိုင်း ထွက်ပြေးရန်ကြိုးစားသည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးကာ ရဲလက်သို့ အပ်လိုက်ရာမှ ယနေ့ထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။

“လုံး၀ကိုအဆက်အသွယ်မရတော့တာ ယနေ့ထိပဲ။ စစ်ထဲပဲ၀င်လိုက်ရလား၊ ဒါမှမဟုတ် စစ်မှုထမ်းတာရှောင်လို့ထောင်ချလိုက်လားဆိုတာ တာ၀န်ရှိတဲ့သူတွေ လိုက်မေးတော့လဲ မသိဘူးပဲပြောကြတယ်”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါကျေးရွာတွင် အုပ်ချုပ်ရေးမှူး တင်မောင်သန်းဆိုသူမှ ကျေးရွာအတွင်းရှိနေသောလူငယ်များကို ကိုယ်တိုင်မဲနှိုက်ခွင့်မပေးပဲ ရုံးအဖွဲ့မှ မဲနှိုက်ပေးသည်ဆိုကာ စစ်မှုထမ်းရန် လိုက်လံအကြောင်းကြားလေ့ရှိကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးချ၍ စိတ်ထင်သလိုလုပ်ဆောင်နေကြသော်လည်း တိုင်ကြားပါက စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်သောကြောင့် တိုင်ကြားခြင်းမပြုသူများကြောင်း ဒေသခံများထံမှ သိရှိရသည်။

#စစ်မှုထမ်း #ရိုက်နှက်ဖမ်းဆီးခံရ #လူငယ်တစ်ဦး #၆လကြာ
#အဆက်သွယ်ပြတ် #ချစ်စမ်းမောင် #လက်ပံကျေးရွာ #ဖျာပုံမြို့နယ် #Ayeyarwaddy_Times