
ဧရာဝတီတိုင်းမ်
(ကွတ်ခိုင်)၊ နိုဝင်ဘာ ၁၈ ရက်
ရှမ်းပြည်နယ်အတွင်းရှိ တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ည ၁၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်တစ်ဦးအပါဝင် သုံးဦးသေဆုံးခဲ့ပြီး ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှ်ိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ညသန်းခေါင်ယံ အချိန်တွင် ဂျက်ဖိုက်တာဖြင့် လေေကြာင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး၊အမျိုးသမီး နှစ် ဦး သေဆုံးခဲ့ပြီး အမျိုးသား ခုနစ် ဦး နှင့် အမျိုးသမီး ခြောက် ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ် ရှစ် လုံး ပျက်စီးခဲ့ရ ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီသည် အဆိုပါ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ပင် မိုင်းငေါ့မြို့ကိုလည်း ပေါင် ၃၀၀ ဗုံး နှစ် လုံး အသုံးပြုကာ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာဒေသခံ ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးရှစ်လုံး ကြဲချ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းTNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန် နှင့် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေး ထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လည်း TNLA က သတိပေးထားသည်။
ဓာတ်ပုံ – PSLF/TNLA
#ကွတ်ခိုင် #လေကြောင်းတိုက်ခိုက်ခံရ #အရပ်သား #သေဆုံး #စစ်ကောင်စီ #TNLA #Ayeyarwaddy_Times