ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်စုဆောင်းခံရသူ ခြောက်ဦးသည် ပြည်သူ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ ဗျူဟာ-၃၃၊ ဒေါနတပ်ရင်း နယ်မြေအတွင်းသို့ အလင်းဝင်ရောက်ခဲ့ပြီး လက်နက်ခဲယမ်းများယူဆောင်လာသူများပါရှိကြောင်း ဒေါနစစ်ကြောင်းက ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

တပ်သားသစ်စုဆောင်းခံရသူ ခြောက်ဦးမှာ ကင်းစောင့်ရန် တာဝန်ကျနေစဉ်တွင် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ပြီး တစ်ဦးမှာ မောရဝတီရေတပ်ဌာနချုပ်မှဖြစ်ပြီး ကျန်သူများမှာ ကံပေါက်အခြေစိုက် ခလရ-၂၇၃ တပ်ရင်းမှ ဖြစ်ကြောင်းသိရသည်။

ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသည့် တပ်သားသစ် ခြောက် ဦးအနက် တပ်သားတစ်ဦးမှာ MA1 တစ်လက်၊ ကျည်ဘောက် သုံး ခု၊ ၅.၅၆ ကပစ ကျည် ၁၆၁ တောင့်တို့ကို ယူဆောင်ခဲ့ကြောင်း သိရသည်။

“သူတို့တော်လှန်ရေးဘက်က ပြန်တိုက်ရင်လည်း တူတူတိုက်သွားမယ်ပေါ့နော်။ တကယ်လို့ သူတို့တခြားလုပ်ချင်တာရှိရင်လည်း လွတ်လွတ်လပ်လပ်သွားလို့ရတယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ ပြောထားပါတယ်။ ဒါပေမယ့် သူတို့ကတော့လက်ရှိ လောလောဆယ် ခဏနားပြီး စဉ်းစားအုံးမယ်တဲ့။ အဲ့လိုမျိုးတော့ရှိတယ်” ဟု ဒေါနစစ်ကြောင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရဲနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသည့် တပ်သားသစ်များမှာ ကံပေါက် ခလရ-၂၇၃ တပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်းအမှတ်စဉ်(၁) မှ တပ်သားရဲမင်းမောင်၊ တပ်သား သန်းတိုးအောင်၊ တပ်သားဖြူဖွေး၊ စစ်မှုထမ်း အပါတ်စဉ်(၂) မှ တပ်သားဖြိုးမင်းအောင်၊ တပ်သားကရင်လေး နှင့် မောရဝတီရေတပ်မှ တပ်သား ဝေဖြိုးတို့ဖြစ်ကြောင်း သိရသည်။

ဒေါနတပ်ရင်းထံသို့ ယခုကဲ့သို့ စစ်ကောင်စီ၏ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသူများ အလင်းဝင်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်ပြီး တပ်သားစုဆောင်းခံရသူများ နှင့် တပ်မတော်သားများ အနေဖြင့် ပြည်သူဘက်ရပ်တည်လိုပါက ဒေါနတပ်ရင်း အပါအဝင် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်းလည်း အသိပေးထားသည်။

ဓာတ်ပုံ – ပေးပို့
#dawnacolumnp29902 #ကံပေါက် #တပ်သားသစ်အလင်းဝင် #စစ်မှုထမ်း #Ayeyarwaddy_Times