
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ်ရှိ သက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုမှာ လူတစ်ဦး ဓားကိုင်ပြီး သောင်းကျန်းတာကြောင့် လူ (၈) ဦး သေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စနေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်မှာ ဝူရှီမြို့ရှိ သက်မွေးဝမ်းကျောင်းတက္ကသိုလ် တစ်ခုမှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာမှာ အသက် (၂၁) နှစ်အရွယ် အမျိုးသားတစ်ဉီးကို ထိန်းသိမ်းခဲ့ပါ တယ်။ ကနဦး စုံစမ်းစစ်ဆေးမှုအရ သံသယရှိသူ အမျိုးသားဟာ အဆိုပါတက္ကသိုလ်မှာ တက်ရောက်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စာမေးပွဲ မအောင်မြင်တာကြောင့် ဘွဲ့လက်မှတ်မရရှိတာကို အဆိုပါပုဂ္ဂိုလ်က အမျက်ဒေါသ ထွက်ကာ ပြစ်မှုကျူးလွန်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ လက်တွေ့သင်တန်းချိန်မှာ သူရရှိခဲ့တဲ့ ထောက်ပံ့ကြေးပမာဏနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က သံသယရှိပါတယ်။
ယင်းကျောင်းကို တရုတ်ကြွေထည်ပညာရပ်တွေ ပို့ချဖို့ ၁၉၉၃ ခုနှစ်မှာ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ခဲ့တယ်လို့ ကျောင်းဝဘ်ဆိုဒ်က ဖော်ပြပါတယ်။
လူ (၃၅) ဦး သေဆုံးပြီး (၄၃) ဦး ဒဏ်ရာရရှိခဲ့တဲ့ ကျူဟိုင်းမြို့ရှိ အားကစားကွင်းတစ်ခုမှာ ယာဉ် တိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
တရုတ်နိုင်ငံရှိ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လူအသေအပျောက်ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားပြီးနောက် လူမှုအသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေ မပျံ့နှံ့စေဖို့ အာဏာပိုင်တွေက အမြင့်ဆုံးအဆင့် တပ်လှုန့်ထားပါတယ်။
ကိုးကား – NHK
Ref; 8 people killed,17 others injured in stabbing rampage at school in eastern China
#Ayeyarwaddy_Times