
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်း တို့တွင် တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ ၁၁၊ ခမရ ၂၁၃ တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီ အဆင့်ရှိသူနှင့် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကိုလည်း အရှင် ဖမ်းဆီးနိုင်ခဲ့ပါသည်ဟုဆို သည်။
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကြည့်ခြင်းအားဖြင့် ခမရ-၂၁၂ (အင်းတိုင်)၊ တပ်မ-၁၁ (အင်းတိုင်)၊ ခမရ-၅၈၉ (ဒုံစရစ်-ရွှေကျင်) တပခ (တောင်ငူ)၊ ခမရ-၅၈၅ (ဟန်ကပြု) စကခ-၁၃ (ဘုတ်ပြင်း)စသည့် တပ်များကိုပါ ပို့ဆောင်ထားရသည့်အနေအထားဖြစ်ကာ အင်အား ၁၀၀၀ ကျော်ရှိနေနိုင်ကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ခန့်မှန်းပြောဆိုထားသည်။
“သိမ်းဆည်းရမိတဲ့လက်နက်တွေကိုကြည့်ရင် ဟန်ကပြု ဘုတ်ပြင်းကတပ်နဲ့ အင်းတိုင်တပ်မတွေပါ ပို့ထားရတဲ့ အခြေအနေပါ။ အင်းတိုင် ၂၁၃ က ရင်းမှူးပါသေတယ်ဆိုတော့ အဲဒီတပ်ပြုတ်သွားတဲ့ သဘောမှာရှိတယ်။ စစ်ခေါင်းဆောင်ရဲ့အကွက်ကို လိုက်ခန့်မှန်းတဲ့သူပါ ရူးသွားနိုင်တယ်” ဟု CDM ဗိုလ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေပြီး စစ်ကူများဖြင့်ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်း ချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက် -ကျောက်ဂူမှတဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်းတိုက်ပွဲ #ပြင်းထန် #စစ်ကောင်စီ #တပ်ရင်းမှူး #ဗိုလ်မှူး #ဗိုလ်ကြီး #သေဆုံး #လက်နက်ခဲယမ်းရရှိ #Ayeyarwaddy_Times