ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ တန်ဆောင်တိုင်ညပိုင်း ယိုးဒယားဘီးဆိုင်ကယ် ၃ စီး ခိုးယူခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်တို့ရှိ နေအိမ်တို့ရှိ ယိုးဒယားဘီးဆိုင်ကယ်များခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“ အဲ့ကောင်မလေးက ဆေးကုမ္ပဏီမှာအလုပ်လုပ်ဖို့ဆိုပြီး ယိုးဒယားဘီးလေး ဝယ်တာလပိုင်းပဲရှိအုံးမယ်ထင်တယ်။ အဲ့တာ မနေ့ညပိုင်းက ကမ်းနားပွဲပြီး ပြန်လာပြီး အိပ်တဲ့အချိန်ထိ ဆိုင်ကယ်ရှိသေးတယ်။ မနက်အစောပိုင်းမှာ ဝင်ခိုးသွားတာဖြစ်ဖို့များမယ် သူပြန်ပြောပြတာ”ဟု ဆိုင်ကယ်အခိုးခံရသူနှင့်နီးစပ်သည့် ပုသိမ်မြိို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ်အား သော့ ၂ ထပ်ပြုလုပ်ထားသော်လည်း အလွယ်တကူခိုးယူခံခဲ့ရခြင်းသည် ဆိုင်ကယ်ခိုးယူသူများမှာ အုပ်စုဖြင့် လိုက်လံခိုးယူနေခြင်းမျိုး ဖြစ်နိုင်ကြောင်း ဒေသခံအများစုမှ သုံးသပ်ပြောဆိုသည်။

ပုသိမ်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဆိုင်ကယ်ပျောက်ဆုံးမှု ၁၅ မှုထိရှိထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“ ပုသိမ်မြို့မှာ ဆိုင်ကယ်ပျောက်လို့ အမှုဖွင့်ထားတာ ဒီနေ့အထိဆို ၁၅ မှုရှိတယ်၊ မိထားတာတော့ ၂ မှုရှိပြီ ကွင်းဆက်တွေတော့ ဆက်လိုက်နေတုန်းပါ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဆိုင်ကယ်ပျောက်ဆုံးမှု ၂၀ အထိ ရှိခဲ့ကြောင်း ရဲစခန်းတွင် လာရောက်အမှုဖွင့်လှစ်သည့် စာရင်းများအရ သိရသည်။

#ဧရာဝတီတိုင်း #ပုသိမ်မြို့ #တန်ဆောင်တိုင် #ဆိုင်ကယ်ပျောက်ဆုံး #Ayeyarwaddy_Times