ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
လက်ရှိကာလ မြန်မာနိုင်ငံ၏ ပဋိပက္ခ အကျပ်အတည်းများအတွင်း အမျိုးသမီးများ ရင်ဆိုင် ကြုံတွေ့နေရသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာအမျိုး သမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့(M-WPS) အဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့သီးသီးတို့သည် ပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးပတ်က ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့်နိုင်ငံအသီးသီးမှ တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၆၇ ဦး နှင့် အမျိုးသား ခုနစ် ဦးတို့တက်ရောက်ခဲ့ပြီး အမျိုးသမီးများ လက်ရှိရင်ဆိုင်နေရသည့် လုံခြုံရေးနှင့် အကျပ်အတည်းများ ဖြေရှင်းနိုင်ရန် နှင့် တားဆီးနိုင်ရန် သဘောထား တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့သည်။
အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များမှာ ပဋိပက္ခများ အဆုံးသတ်မှသာ တိုးတက် မှုရလာနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ခေါင်းဆာင်များက ပဋိပက္ခကို တားဆီးကာကွယ် အဆုံးသတ်ရန်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို မှတ်တမ်းတင်ဖော်ထုတ်၍ တရားမျှတမှုအတွက် ဆောင်ရွက်ပေးကြရန်လည်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။
“အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် လုံး၀မရှိစေရဆိုတာတွေကိုဆွေးနွေးပါတယ်။ မည်သူ မဆို မည်သည့်အဖွဲ့အစည်းမဆိုပါ” ဟု M-WPS အဖွဲ့အစည်းမှ မဟာမိတ်ညှိနှိုင်း ရေးမှူးတာဝန်ခံ မိဆောင်တဂျိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက အမျိုးသမီးများ၏ ပါ၀င်မှုနှင့် ခေါင်းဆောင်မှု ကိုအသိအမှတ်မပြုဘဲ ခွဲခြားဆက်ဆံခြင်းများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း များနှင့် ကျူးလွန်သူကို ထိရောက်သည့် ပြစ်ဒဏ်များမပေးနိုင်ခြင်း၊ အမျိုးသမီးများ၏ လုံခြုံရေးနှင့် ပတ် သက်ပြီး မူ၀ါဒ ပြဌာန်းထားမှုမရှိခြင်းတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး လုံလောက်သည့် ရံပုံငွေပံ့ပိုးမှုမရှိခြင်းများ နှင့် အဆိုးဆုံးကိစ္စရပ်ဖြစ်သည့် လူ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိဘဲ အမျိုးသမီးများအပေါ် ထိခိုက်နစ်နာရန် လုပ်ဆောင်နေသည့် စစ်ကောင်စီကို နေရာပေးနေသည့် နိုင်ငံတကာ နဲ့ အာဆီယံနိုင်ငံများ၏ လုပ်ရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
“အခုလိုပဲ အမျိုးသမီးတွေရဲ့အသံကို စုစည်းဖော်ပြပြီး လူအများသိအောင်ဆက်လက်လုပ်သွားမှာပါ။ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် နိုင်ငံ တကာနဲ့ သက်ဆိုင်ရာတာ၀န်ရှိသူတွေကိုလည်း မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ ပကတိ အခြေအနေကိုသိရှိစေဖို့ တင်ပြပြီး တိုက်တွန်းနှိုးဆော်နေတာတွေရှိပါတယ်” ဟု ဆရာမ မိဆောင်တဂျို က ဆက်လက် ပြောကြားသည်။
လက်ရှိတွင် M-WPS အဖွဲ့အစည်း အနေဖြင့် ကဏ္ဍစုံတွင်ရှိနေသည့် အမျိုး သမီးများ၏ စွမ်းဆောင် ရည်နှင့် စွမ်းဆောင်နိုင်ခွင့်မြှင့်တင်ရေး (Women’s Empowerment) အစီအမံများကို လုပ်ဆောင်နေပြီး အမျိုးသမီးအခွင့်အရေး၊ ကျား၊မတန်းတူညီမျှရေး၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကတိက၀တ်များကို တော်လှန်ရေးအဖွဲ့အစည်းများ၏ မူ၀ါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပါ၀င်လာနိုင်ရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#အမျိုးသမီး #ငြိမ်းချမ်းရေးနှင့်လုံခြုံရေး #ဆွေးနွေးပွဲ #စစ်ကောင်စီ #အကြမ်းဖက် #MWPS #Ayeyarwaddy_Times