ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၁၇ ရက်)

အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ လူတိုင်းက အကောင်းတွေပဲ လိုချင် ရချင် ဖြစ်ချင်ကြတာ သဘာ၀ပါပဲ။ အကောင်းတွေ ရမလာခဲ့ရင်တောင် အဆိုးတွေကိုတော့ ဘဝမှာ မဖြစ်ချင်ကြပါဘူး။

အမျိုးသမီးတွေဟာလည်း လှချင် ပချင် နုပျိုချင်စိတ်နဲ့ ကိုယ့်ကိုယ်ကို ပြုပြင် ပြင်ဆင်‌နေလျက်ကနေ အလှပျက်ရုပ်ဆိုးသွားတတ်တဲ့ အဖြစ်အပျက်တွေကို ကြားဖူးနေတာမို့ အလှကုန်ပစ္စည်းတွေအပါအဝင် အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေ သုံးစွဲဖို့ကို ကြောက်စိတ်ဝင်တတ်ကြပါတယ်။

ဒီလိုပါပဲ ပျိုဖော်ဝင်လာတဲ့ သမီးကညာတွေမှာလည်း အမျိုးသမီးသန့်စင်ဆေးရည်တွေအပါအဝင် အမျိုးသမီး အသုံး အဆောင် ပစ္စည်းတွေအကြောင်း သိချင် စူးစမ်းချင်နေကြပါတယ်။

🟥အမျိုးသမီးသန့်စင်ဆေးရည်

အရာရာခေတ်နောက်ကျ ကျန်ခဲ့တဲ့မြန်မာနိုင်ငံမှာ မိန်းကလေးသုံး ဆေးဆပ် ပြာရည်ဆိုပြီး စျေးကွက်ထဲ ပေါ်လာတာဟာ ဆယ်စုနှစ် နှစ်စုမျှပင် မရှိသေးပါဘူး။ သွက်လက်ထက်မြက် သန့်ရှင်းကျန်းမာတဲ့ မိန်းကလေးတွေသာ အမျိုး သမီးသန့်စင်ဆေးရည် သုံးကြတယ်ဆိုပြီး ကြော်ငြာအားကောင်းကောင်းနဲ့ စွဲဆောင်ကြော်ငြာခဲ့ကြပါတယ်။

မိန်းမကိုယ်တွင်းမှလာတဲ့ အနံ့အသက်ဆိုးတွေဖယ်ရှားဖို့ အမျိုးသမီးလိင်အင်္ဂါအပေါ်ယံနေရာတွေ ဆေးကြောသန့်စင်ဖို့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်ရတဲ့မိန်းမကိုယ်ရောင်ရမ်းခြင်းကို ကာကွယ် ဖို့အတွက် အမျိုးသမီးကျန်းမာရေးသန့်စင်ဆေးရည်တွေကို သုံးနိုင်ပါတယ်။

ဒီဆေးရည်တွေဆိုတာ အမျိုးသမီးလေးတွေရဲ့ လိင်အင်္ဂါအပေါ်ယံနေရာတွေ၊ ဆီးလမ်းကြောင်းအဝ နဲ့ မိန်မကိုယ်အဝ အနားတွေအတွက်သာ သုံးရတာဖြစ်ပါတယ်။ သုံးစွဲတဲ့အခါ အက်စစ်ဓာတ်( acidic pH level) ကိုထိန်းပြီး မျှခြေဖြစ်စေဖို့ ဂရုပြုပြီး သုံးပေးသင့်ပါတယ်။ သို့မှသာ ပိုးမဝင်ဘဲ သဘာဝ အခြေအနေနှင့်အနီးစပ်ဆုံးတူပြီး သန့်ရှင်းစေမှာပါ။

အချို့သော မိန်းမကိုယ်သန့်စင်ဆေးရည်တွေမှာတော့ လက်တစ်အက်စစ် ( Lactic acid) ကို အထူးထည့်သွင်းပြုလုပ်ထားကြပါတယ်။ ဒီလိုဆေးရည်တွေကိုတော့ မိန်းမကိုယ်အတွင်းအထိ ဆေးကြောနိုင်ပါတယ်။ အက်စစ်ဓာတ်များစေတဲ့ အာနိသင်ကြောင့် မိန်းမကိုယ်တွင်းပိုးဝင်ခြင်းတွေကို လျော့နည်းသက်သာစေနိုင်ပါတယ်။

မိန်းကလေးတို့အတွက် အမျိုးသမီးသန့်စင်သုံးဆေးရည်ရွေးချယ်တဲ့အခါမှာ နည်းလမ်းအချို့ကို မျှဝေ ပေးပါရစေ။

သုံးစွဲမယ့်ဆေးရည်အညွှန်းကို သေ‌ချာဖတ်ရှုဖို့လိုပါတယ်။ ဆပ်ပြာပြင်းအားမများဘဲ (ဖြစ်နိုင်လျှင် ဆပ်ပြာမပါဝင်သည့်) အက်စစ်မျှခြေထိန်းပေးနိုင်တဲ့ အမျိုးအစားကိုသာ ရွေးချယ်ပါ။ ရနံ့ပြင်းပြင်း တွေကိုမရွေးဘဲ ရနံ့သင်းသင်းလေးသာပါတဲ့ ဒါမှမဟုတ် ရနံ့မပါတဲ့ ဓာတ်မတည့်မှုကို လျော့နည်း စေတဲ့ ( Hypoallergenic type) အမျိုးအစားတွေကို ရှာဖွေအသုံးပြုပါ။

သုံးစွဲတဲ့ အခါမှာလည်း တစ်နေ့တစ်ကြိမ်ထက်မက မသုံးသင့်ပါဘူး။ မကြာ ခဏဆေးကြောခြင်းက ပိုပြီး မသန့်သွားဘဲ အက်စစ်မျှခြေ အကာ အကွယ် သဘာဝအခြေအနေကို ယိုယွင်းသွားပြီး ယားယံခြင်းတွေ ပိုးဝင်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ “တန်ဆေး လွန်ဘေး” ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။ တစ်နေ့ တစ်ကြိမ် ဆေးကြောသန့်စင်အပြီးမှာလည်း သန့်ရှင်းခြောက် သွေ့နူးညံ့တဲ့ ပုဝါလေးများဖြင့်သာ အသုံးပြု၍ ခြောက်သွေ့ စေရပါမယ်။

🟥အခြားထူးခြားထုတ်ကုန်များ

-Boric Acid Feminine Cleanser
ဘော်ရစ်အက်စစ် (Boric Acid ) ပါဝင်တဲ့အမျိုးသမီးသန့်စင်ဆေးရည်တွေက တစေးမှိုကြောင့်ဖြစ်ရတဲ့ မိန်းမကိုယ် မှိုတတ်ခြင်းရောဂါကိုကုသတဲ့အခါမှာ အသုံးပြုကြပါတယ်။ ဆေးတောင့်ထည့်ပြီး ကုသနိုင်သလို မိန်းမကိုသန့်စင်ဆေးရည်ပါ ညွှန်ပြီးကုသကြပါတယ်။

-Lactic Acid Feminine wash
လက်တစ်အက်စစ် ( Lactic acid) ပါဝင်တဲ့ အမျိုးသမီးသန့်စင်သုံးဆေးရည်တွေကတော့ အက်ဆစ် မျှခြေကို ထိန်းထားနိုင်တာကြောင့် ‌ရွေးချယ်အသုံးပြုသူများ စိတ်တိုင်းကျကြပါတယ်။ ‌မိန်းမကိုယ်တွင်း အက်စစ်မျှခြေ pH 3.5 မှ 4.5 အတွင်းရစေနိုင်သော ဆေးရည်များကို အသုံးများကြပါတယ်။

🟥မိန်းမကိုယ်သန့်စင်‌ဆေးရည်နှင့်ကျန်းမာရေးပညာပေး

မိန်းမကိုယ်ကို သန့်စင်‌ဆေးရည်မသုံးပါက ခေတ်မမီတော့သလို ကျန်းမာရေးမလိုက်စားတော့သလို ပြောလို့မရပါဘူး။ သဘာဝအရ အမျိုးသမီးသန့်စင်ဆေးရည်မသုံးလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို စနစ်တကျဂရုစိုက်ပေးရင် အဆင်‌ပြေပါတယ်။ မွေးလမ်းကြောင်းနှင့် အတွင်းပိုင်းနေရာများကို အတွင်းထိ နိုက်ဆေးရန် မလိုအပ်ပါ။ ပုံမှန် ဓမ္မတာရာသီစက်ဝန်းမှာ အမျိုးသမီး‌လေးတွေရဲ့ မိန်းမကိုယ်အတွင်းမှာ အချိန်အလိုက် ပြောင်းလဲမှုလေးတွေရှိနေပါတယ်။ အက်ဆစ်မျှခြေကလည်း ထိန်းထားလျက်ရှိပါတယ်။ ဓမ္မတာလာတာကလည်း သားအိမ်နဲ့မွေးလမ်းကြောင်းကိုရှင်းလိုက်တဲ့ သန့်စင်ခြင်းစနစ်တစ်ခုပါပဲ။

အမျိုးသမီးသန့်စင်ဆေးရည် သုံးခြင်း၊ မသုံးခြင်းကြောင့် သမီးငယ်တို့ ခေတ်နောက်ကျကျန်ခဲ့တာမျိုး မဟုတ်ဘူးဆိုတာ ရှင်းပြပါရစေ။ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ကြော်ငြာတွေ၊ သူငယ်ချင်းအချင်းချင်း ကြားက ပြောစကားတွေကို နားယောင်စရာမလိုပါဘူး။ သုံးလိုက စမ်းသုံးကြည့်ပါ။ မသုံးဘဲ နေပါကလည်း နေလို့ရပါတယ်။

အကယ်၍များ မိန်းမကိုယ်ယားယံခြင်း၊ အဖြူဆင်းခြင်း၊ အနံ့ဆိုးထွက်ခြင်းများ ကြုံရပါက မိန်းမကိုယ် သန့်စင်ဆေးရည်သုံးဖို့က အဓိက မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေနဲ့ တိုင်ပင်ဖို့ကသာ အဓိကဖြစ်ပါတယ်။

ဆရာဝန် သူနာပြု သားဖွားဆရာမ တို့နှင့် တိုင်ပင်အကြံဉာဏ်ရယူပါ။ လိုအပ်ပါကသားဖွားမီးယပ် အထူကုဆရာဝန်တွေနဲ့ ဆွေးနွေးကုသဖို့ အကြံပေးပါရစေ။ ဧရာဝတီတိုင်းမ် သတင်းမီဒီယာကို စောင့်ကြည့်ဖတ်ရှုနေတဲ့ သမီးငယ်တို့လည်း ကျန်းမာ ရေးအသိကြွယ်ကြပြီး ကျန်းမာသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ‌ကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ သွေးအန်ခြင်း ကျန်းမာရေးဆောင်းပါးကို ဖော်ပြသွားမှာဖြစ်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #အမျိုးသမီးသန့်စင်ဆေးရည် #အမျိုးသမီးနှင့်အလှအပရေးရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times