နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ် အာဏာသိမ်းပြီး ၃၂ လအကြာ ၂၀၂၃ အောက် တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်များဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ၊တအာင်းတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) သုံးဖွဲ့ စတင်ဖော်ဆောင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် စစ်ကောင်စီကို မရှုမလှစစ်ရှုံး အထိနာစေပြီး အရှက်ရစေခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ပိုမိုထိတွေ့ ဆက်ဆံလာရသော တရုတ်အစိုးရသည် ကျားဖြန့်(ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် နိုင်ငံတကာတွင် နာမည်ပျက်နေရသည့်အတွက် မြန်မာပြည်တွင်းရှိ ထိုဂိုဏ်းများကို နှိမ်နင်းပေးရန် စစ်ကောင်စီထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

သို့သော်လည်း စစ်ကောင်စီက ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် တရုတ်အစိုးရက ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသော မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များကို မီးစိမ်းပြ တိုက်တွန်းရာမှ အဆိုပါ “၁၀၂၇ စစ်ဆင်ရေး” ပေါပေါက်လာခြင်း တစ်ရပ်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူတို့က ဆိုကြသည်။

အလားတူ ညီနောင်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခြင်း၏ ထုတ်ပြန်ချက်တွင် ကျားဖြန့်နှင့် ပတ်သက်၍ အဓိကအချက်အနေဖြင့် ထည့်သွားပြောဆိုထားပြီး အဆိုပါလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်အလိုရှိရာများကို ဖမ်းဆီးလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ယင်းဂိုဏ်းများသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြစ်ပွားနေရာမှ စစ်တပ် အာဏာသိမ်း ပြီးနောက် မြန်မာနိုင်ငံသို့ ကူးစက်ရောက်ရှိလာခြင်းဖြစ်သည်ဟု စစ်ကောင်စီက ပြောဆိုထားသလို လက်ရှိတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်အပါအဝင် တာချီလိတ်၊ ကိုးကန့်၊ ‘ဝ’၊ မိုင်းလား စသည့် နယ်စပ်ဒေသများတွင်သာမက ရန်ကုန်၊ မန္တလေး မြို့ကြီးများထိပါ ပျံ့နှံ့လှုပ်ရှား လာကြောင်း သိရသည်။

♦️သမိုင်းဝင် “အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)” ကျရှုံးမှု

သို့သော်လည်း ကိုးကန့်တပ်မတော် (MNDAA) ဦးဆောင်၍ ညီနောင်မဟာမိတ်များဖြစ်သော တအာင်းတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့အပြင် တော်လှန်ရေး တပ်ဖွဲ့များပါ ပူးပေါင်းပါဝင်လာသော ရှမ်း မြောက်အခြေပြု အဆိုပါစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသော မြို့များနှင့် တပ်စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ၎င်းတို့အတွက် သမိုင်းအစဉ်အလာ ကြီးမားသည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို ယခုနှစ်၊ ဩဂုတ် ၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အတွက် မြန်မာ့အရေးကို ချိန်ခွင်ကိုင် ကစားနေသော တရုတ်အစိုးရ၏ ခြေလှမ်းများ သိသာပြောင်းလဲစေခဲ့သည်။

တရုတ်အစိုးရသည် များပြားလှသော ၎င်းတို့အကျိုးစီးပွားကို ထိခိုက်စေသည့် မြန်မာ့အာဏာသိမ်းမှုကို မလိုလားခဲ့သော် လည်း ဒီမိုကရေစီစနစ်အား မနှစ်သက်၊ အထူးသဖြင့် အနောက်အုပ်စုများ စိုးမိုးလာမည်ကို စိုးရိမ်သောကြောင့် နေပြည်တော် စစ်အုပ်စုဘက်သို့ သိသိသာသာ ရပ်တည် ပြလာသည်ဟု လေ့လာသူများက ဆိုသည်။

♦️တိန့်ရှီကျွန်းနှင့် နေပြည်တော်ဘက် ရပ်တည်မှု

ရှမ်းမြောက်စစ်ဆင်ရေး ပြင်းထန်နေချိန် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းသည် နေပြည်တော်ကို ဩဂုတ် ၈ ရက်က လာရောက်၍ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံကာ ဟိုင်ဂင်ဆွေးနွေးပွဲ ကိစ္စရပ်အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့တွင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံသွားမည့် ဟိုင်ဂင်ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က မတက်ရောက် သောကြောင့် မစ္စတာတိန့်ရှီကျွန်း လာတွေ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မစ္စတာ တိန့်ရှီကျွန်းသည် တစ်ဖက်တွင်လည်း “ဝ” တပ်မတော် (UWSA)အပါအဝင် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များအား ခေါ်ယူတွေ့ဆုံ သတိပေးတားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

♦️ဝမ်ယိပြောတဲ့ စည်းသုံးစည်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် တက်ရောက်ရင်း မြန်မာနိုင်ငံသို့ ဩဂုတ် ၁၄ ရက်တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါ LMC အစည်းအဝေးတွင် မြန်မာ့အခြေအနေမှာ စိတ်ပူပန်စရာ ဖြစ်သည့်အတွက် ကျော်လွန်မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းသွားမည်ဟု ဝမ်ယိက ပြောဆိုခဲ့ပြီး ထိုအရာသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ပြည်သူ့သဘောဆန္ဒများကို စော်ကားခြင်းဖြစ်ကြောင်း လေ့လာ သူတို့က ထောက်ပြသည်။

ထိုစည်းသုံးစည်းမှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍မရခြင်း၊ အာဆီယံလမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင် ဝင်ရောက် စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ခေါင်းဆောင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအပြင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေတို့နှင့်ပါ တွေ့ဆုံကာ EROs အဖွဲ့များ၏ ရှမ်းမြောက် မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန့်ကျင်ကြောင်း ဆိုသည်။

မစ္စတာ ဝမ်ယိ၏ ပြောဆိုချက်များသည် မြန်မာ့အရေးကို သိသာထင်ရှားစွာ ဝင်ရောက်စွက်ဖက် လာသည့် တရုတ်ခြေလှမ်းသစ်တစ်ခု၊ အထူးသဖြင့် စစ်ရှုံနေသည့် စစ်ကောင်စီကို နောက်ဆုံးအခွင့်အရေး ပေးလိုက်ခြင်းမျိုး ဖြစ်သည်ဟုလည်း တရုတ်-မြန်မာရေး အကဲခတ်လေ့လာ သူများက သုံးသပ်ကြသည်။

♦️တရုတ်သံအမတ် အပြောင်းအလဲ

တရုတ်အစိုးရသည် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာ ဩဂုတ် ၁၂ ရက်က မြန်မာနိုင်ငံသို့ ပထမဆုံး အမျိုး သမီး သံတမန်နှစ်ဦး စေလွှတ်ခဲ့ပြီး ၎င်းတို့မှာ (၂၀)ဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင်တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်း နေရာတွင် အစားထိုးပြောင်းလဲ တာဝန်ယူမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း ခရီးစဉ်အပြီး ခန့်အပ်လာမှုက ရှမ်းမြောက်စစ်ဆင်ရေး အရှိန်မြင့်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

မစ္စမာကျားသည် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် တတိယ အတွင်းဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ မြောက်အိုင် ယာလန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ သံရုံးများတွင်လည်း သံတမန်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ စန်းရမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်ခင်အထိ အိန္ဒိယနိုင်ငံ တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

♦️TNLA ကို ကျိုးနွံအောင် ဆုံးမမည်ဟု သတိပေး

ထို့နောက် လက်ရှိ ရှမ်း-မန်း စစ်ဆင်ရေး ဆင်နွှဲနေသည့် တအာင်းတပ်မတော် (TNLA) ကို ဩဂုတ် ၂၉ ရက် ရက်စွဲဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီမှ သတိပေးခြိမ်းခြောက်စာ ပေးပို့လာပြီး တိုက်ပွဲများ ချက်ချင်းရပ်ရန်နှင့် မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟု ပါရှိသည်။

ထိုသို့ TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်ရန် တရုတ်အစိုးရက ရာဇသံပေး ခြိမ်းခြောက်စာ ပေးပို့လာမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ EROs များနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများက တုံ့ပြန်ခဲ့ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်သံရုံးကလည်း AFP သတင်းထောက်၏ မေးမြန်းမှုကို ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင် သွားမည်ဟု တရုတ်အစိုးရ၏ ပြောခွင့်ရ Mr. Lin Jian က ဖြေဆိုခဲ့ကြောင်း ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

♦️ကိုးကန့်တပ်ကို NUG နှင့် အဆက်ဖြတ်ခိုင်း

ယင်းနောက် တရုတ်အစိုးရ၏ ဖိအားပေးလာမှုကြောင့် MNDAA သည် စက်တင်ဘာ ၁၈ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ကြောင်း ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ရသည်။

ထိုအတောအတွင်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်တွေ့ဆုံ ယာယီအပစ်အခတ် ရပ်စဲခဲ့သော်လည်း ခြောက်ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲမှစ၍ စစ်ကောင်စီဘက်က တက်ရောက်ခြင်း မရှိ တော့ဘဲ ညီနောင်သုံးဖွဲ့ကို အကြမ်း ဖက်အဖြစ် ကြေညာကာ မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။

မြောက်ပိုင်းအဖွဲ့များကို စစ်ဆင်ရေးများအပေါ် တရုတ်အစိုးရက တွေ့ဆုံ၍ အပြင်းအထန် ဖိအားပေး ခြိမ်းခြောက်ကာ ၎င်းတို့နှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်များကို ပိတ်ဆို့ခဲ့သော်လည်း စစ်ကောင်စီ၏ တစ်ဖက်သတ် လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်နေမှုကိုမူ တရုတ်အစိုးရက နှုတ်ဆိတ်နေခဲ့သည်။

တရုတ်အစိုးရသည် အောက်တိုဘာ ၁၈ ရက်မှစတင်၍ မြန်မာ-တရုတ် နယ်စပ်ဂိတ်များအနက် ၁၄ ခုထက်မနည်းကို ကာလအကန့်အသတ်မရှိ ပိတ်ဆို့ထားလိုက်ပြီး EROs များအပေါ်လည်း ‘ဖြတ်ငါးဖြတ်’ အဖြစ် လျှပ်စစ်၊ ရေ၊ အင်တာနက်၊ ထောက်ပို့နှင့် လူအင်အားများ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ မြန်မာ့အရေး အပြောင်းအလဲများ ဖန်တီးလာသော တရုတ်အစိုးရသည် ပထမဆုံးအကြိမ် စစ်ခေါင်းဆောင်ကို ဒေသတွင်းဆိုင်ရာ အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ယင်းခရီး စဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ၎င်းတို့ စစ်ရှုံးနေမှုများကို အဓိကထား တိုင်ကြားခဲ့ကြောင်း သိရသည်။

အလားတူ တရုတ်ဝန်ကြီးချုပ်က မြန်မာ့ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို အပြည့်အဝထောက်ခံကာ တရုတ်နိုင်ငံအနေဖြင့် အားပေးကူညီသွားမည် ဖြစ်ပြီး ပဋိ ပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်မှုကိုလည်း ချီးကျူးကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကူညီမည်ဖြစ်ပြီး မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသလို တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက် သင့်ခံမည် မဟုတ်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang ( လီချန်း)သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က ကူမင်းမြို့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာ – တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိရမည် ဖြစ်ကြောင်းပြောဆိုခဲ့သော်လည်း လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်အများစုကို EROs က ထိန်းချုပ်ထားသည်။

#ရမခကျရှုံး #တရုတ်ဖန်တီး #နိုင်ငံရေးအပြောင်းအလဲများ #ဆောင်းပါး #Ayeyarwaddy_Times