
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အခြားအရာရှိ အဆင့်နှင့် တပ်ဖွဲ့ဝင်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ(၁၁) ခမရ-၂၁၃ မှ တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြိုနယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းကာ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်ဖွဲဝင်လေးဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ထံက သိရသည်။
စစ်ကောင်စီသည် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း ကျဆုံးမှုမရှိစေရန်နှင့် ထိန်းချုပ်နိုင်ရန် အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း သိရသည်။
ထိုအပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-TNLA
#နောင်ချို #တိုက်ပွဲပြင်းထန်စွာဖြစ်ပွား #စစ်ကောင်စီတပ်ရင်းမှူး #တပ်ဖွဲ့ဝင်သေဆုံးမှုများပြား #၄ဦးအရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times