နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

အာဏာသိမ်းပြီးနောက် ပထမဆုံးသွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အပြီး လားရှိုးမြို့အပါအဝင် ဆုံးရှုံးနယ်မြေများ ပြန်ရယူရန် အင်အားဖြည့်တင်း ပိတ်ဆို့၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် စစ်ရေးလေ့လာသူတို့ထံက သိရသည်။

စစ်ခေါင်းဆောင်သည် ယခုလ နိုဝင်ဘာ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ထိုနေ့မှစ၍ ၎င်းတို့ ဆုံးရှုံးနယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ နောင်ချိုနှင့် မိုးကုတ်မြို့တို့တွင်ပင် ရက်ပိုင်းအတွင်း အပြစ်မဲ့အရပ်သား ထိခိုက်သေဆုံးမှု ၃၀ ဦးဝန်းကျင်ခန့်ရှိကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များကို ပိတ်ထားသလို စစ်ကောင်စီဘက်ကလည်း ရှမ်းတောင်၊ မန္တလေး စသည့်ဒေသများမှ ရှမ်းမြောက်သို့လာသော လမ်းကြောင်းများအား ထိန်းချုပ် ပိတ်ထားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုကတော့ နောင်ချိုကို နေ့စဉ်ဆက်တိုက် ရက်ရက်စက်စက် ဗုံးကြဲနေတယ်။ မိုင်းရယ်နဲ့ နမ့်လန်မှာလည်း စစ်ကောင်စီက အင်အားတော်တော် ဖြည့်တင်းနေတယ်။ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားမျိုးလို့ ကျွန်မတို့မြင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရက ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသည့် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များကို ဖိအားပေး ပိတ်ဆို့ထားပြီး စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားခဲ့သည်။

စစ်ခေါင်းဆောင်၏ ယင်းခရီးစဉ်သည် နိုဝင် ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီအတွက် ဂုဏ်ယူဖွယ် ဖြစ်စေခဲ့ကြောင်း သိရကာ စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံ အပြန်ခရီးကို အနုပညာရှင်များအပါအဝင် နေပြည်တော်ရှိ စာသင်ကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားများကိုပါ ကြိုဆိုရန်စေလွှတ်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေဒေသများအနက် တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားရာ နောင်ချိုမြို့ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ လေကြောင်းနှင့် လက်နက်ကြီးများ ပိုမိုပစ်ခတ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၁ ရက်တွင်လည်း မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အင်အားဖြည့်တာက နောင်ချို တောင်းခမ်းဘက်၊ ပြီးတော့ နမ့်လန်မြို့ပါ။ အခုက စစ်ကောင်စီလဲ လမ်းကြောင်းပိတ် တရုတ်ကလည်း နယ်စပ်ဂိတ်တွေ ပိတ်နေတော့ လူထုက ပိုဒုက္ခရောက်နေကြတယ်” ဟု ဒေသတွင်း စောင့်ကြည့်လေ့လာသူ မန်တုံဒေသခံ မိုင်းရူကောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ရှမ်းမြောက်ဒေသရှိ အဓိကကုန်စည် လမ်းကြောင်းများအပြင် ကိုးကန့်တပ် (MNDAA)နှင့် ၎င်းတို့ထိန်းချုပ်ထာသော လားရှိုး-မိုင်းရယ် ကားလမ်းကိုလည်း ယခုရက်ပိုင်းအ တွင်း ထပ်မံပိတ်လိုက်ပြီး မိုင်းရယ်တွင် ရမခသစ်ကို ပြန်လည်ဖွဲ့စည်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ထားရာ မိုင်းရယ်မြို့တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော အရှေ့မြောက်တိုင်း စစ်ဌာ နချုပ်(ရမခ)အတွက် တပ်တွင်းအပြောင်းအလဲများ ပြုလုပ်နေသလို အင်အား ၆၀၀ လောက် တိုးချဲ့ပို့နေကြောင်း စစ်ရေးလေ့လာသူတို့နှင့် ဒေသတွင်း သတင်းများအရ သိရသည်။

တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်းတို့ ဆွေးနွေးညှိနှိုင်းမှုများအရ တိုင်ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) အပေါ် ဖိအားပိုများလာနိုင်သလို စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ကို ပြန်လည်ရရှိရေး ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်း လိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“MNDAA ရဲ့ လားရှိုးသိမ်းပိုက်မှုကို တရုတ်က လုံးဝအသိအမှတ် မပြုဘူး။ ဖြစ်နိုင်ရင် လားရှိုးကနေ MNDAA ဆုတ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေရှိတယ်။ လောက်ကိုင်ဒေသမှာ ဖြတ်ငါးဖြတ် လုပ်နေတယ်။ အဲဒီဖိအားတွေကို MNDAA အနေနဲ့ ဆက်လက်ပြီး ခုခံကာကွယ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – TNLA
#စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #လားရှိုး #ဆုံးရှုံးနယ်မြေများ #ပိတ်ဆို့ #လေကြောင်းတိုက်ခိုက် #အရပ်သားထိခိုက်သေဆုံးမှုများပြား #Ayeyarwaddy_Times