
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
ကချင်အထူးဒေသ(၁)ကို အလုံးစုံသိမ်းပိုက်နိုင်ရန် နောက်ဆုံးကျန်ရှိနေသည့် ကံပိုင်တည်မြို့တွင် တရုတ်ဖိအားကြောင့် တိုက်ပွဲများငြိမ်နေပြီး ထိုဒေသရှိ နယ်စပ်ဂိတ်များနှင့် လမ်းများကို KIA ဘက်က ပိတ်ထားခြင်းမရှိကြောင်း သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံက သိရသည်။
စစ်ရေးပြင်းထန်လာမှုကြောင့် ကံပိုင်တည်အပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ၊ လမ်များကို တရုတ်အစိုးရနှင့် စစ်ကောင်စီက ပိတ်ပင်ထားမှုအပေါ် KIA က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ ဂိတ်အချို့တွင် တန်ပြန်၍ အတားအဆီးချ၊ ပိတ်ပင်
ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိတွင် သိမ်းပိုက်တိုက်ခိုက်ရန် ကျန်ရှိနေသည့် ကံပိုင်တည်မြို့၌ တိုက်ပွဲများ ငြိမ်နေသလို မြန်မာပြည်ဘက်ခြမ်းရှိ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း လမ်းများကိုလည်း ပိတ်ထားခြင်းမျိုး မရှိကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“တရုတ်နယ်စပ်ဂိတ်တွေကို ကျွန်တော်တို့ KIO အနေနဲ့ ပိတ်ထားတာ မရှိဘူး။ တရုတ်အစိုးရက သူတို့ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်ဖွင့်ပြီလို့ ကျွန်တော်တို့ကို အကြောင်းကြားတာလည်း မရှိဘူး။ အဲဒီ ဂိတ်ကိစ္စနဲ့ ပတ်သက်လို့ အခုလောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ ဘာမှမကြားသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
KIA သည် ယခုနှစ် ဇွန်မှစတင်၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နယ်စပ်ကုန်သွယ်ရေးမြို့ ကံပိုင်တည်မြို့မှလွဲ၍ စစ်ကောင်စီ တပ်စခန်းများ၊ ပြည်သူ့စစ် တပ်စခန်းများနှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆဒုံးမြို့ကို သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၉ ရက်တွင် ချီဖွေမြို့၊ စက်တင်ဘာ ၃၀ ရက်တွင် ဆော့လော်မြို့၊ အောက်တိုဘာ ၁၈ ရက်တွင် ပန်ဝါမြို့နှင့် နိုဝင်ဘာ ၂ ရက်တွင် ဖီမော်မြို့တို့ကို ကာလတိုအတွင်း ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်ဖိအားများလည်း ကြုံတွေ့နေကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီ အရေးနိမ့်၍ စစ်ရှုံးလာသည်နှင့်အမျှ အကျိုးစီးပွားအတွက် ပံ့ပိုးကူညီနေသော တရုတ်အစိုးရက ၎င်းတို့နှင့် ထိစပ်နေသည့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ကို ပိတ်ဆို့မှုများ ပြုလုပ်လာသလို KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များအား ဖိအာပေးလျက်ရှိကြောင်း သိရသည်။
တရုတ်အစိုးရနှင့် စစ်ကောင်စီတို့သည် လက်ရှိတွင် ကချင်ပြည်နယ်ရှိ လိုင်ဇာ၊ လွယ်ဂျယ်၊ ပန်ဝါ၊ မူဆယ်၊ မိုင်ဂျာယန်နှင့် ကံပိုင်တည်နယ်စပ်ဂိတ်တို့အပြင် ရှမ်းမြောက်ဒေသရှိ အဓိကကုန်စည် လမ်း ကြောင်းများနှင့် လားရှိုး-မိုင်းရယ် ကားလမ်းတို့ကို ပိတ်ဆို့ထားကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#တရုတ်ဖိအား #တိုက်ပွဲ #ကံပိုင်
တည် #နယ်စပ်ဂိတ်များ #KIA #ပိတ်ထားခြင်း
#Ayeyarwaddy_Times