ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားမပေးနိုင်သည့် ရပ်ကွက်များကို ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

င်္ဟသာတမြို့နယ်တွင် မြို့ပေါ် ၂၁ ရပ်ကွက်ရှိပြီး မြို့နယ်ခွဲ နှစ်ခုမှ ရပ်ကွက် ၁၀ခုရှိရာ စုစုပေါင်း ရပ်ကွက် ၃၁ ခုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား မပေးနိုင်သည့် ရပ်ကွက်အလိုက်ကို ကျပ်ငွေသိန်းသုံးဆယ်ကျော်အထိ တောင်းယူသည်ဟု ထွေအုပ်ရုံးနှင့်နီးစပ်သူများက ပြောသည်။

“ရုံးပေါ်က အကြီးတန်း စာရေးမနဲ့ စကားပြောပြီး အုပ်ချုပ်ရေးမှူးကိုငွေပေးရတယ်။ ငွေပေးနိုင်ရင်တော့ ဘာမှမပြောဘူး၊ ငွေမပေးနိုင်တဲ့ ရပ်ကွက်အပိုင် အုပ်ကြီးနဲ့စာရေးတွေကို ပြည်သူ့စစ်မှုထမ်းမပေးနိုင်ရင် တိုင်းရုံးသွားရှင်းရမယ်၊ အရေးယူတာတွေလုပ်မယ်ဆိုပီးခြိမ်းခြောက်နေတယ်”ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်း၏ ညွှန်ကြားမှုနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက နေ့စဥ်စာထုတ် ခြိမ်းခြောက်မှုများပြုလုပ်နေပြီး ပြည်သူ့စစ်မှုထမ်းများရရှိရေးနှင့် အကြောင်းအမျိုးမျိုးပြ ငွေတောင်းယူနေကြောင်း သိရသည်။

ထိုကဲ့သို့ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးတို့က ခြိမ်းခြောက်၍ အဓမ္မ ပြည်သူ့စစ်မှုထမ်းများ အပ်နှံခိုင်းနေခြင်းများကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေး၊ Non CDM ဝန်ထမ်းများအားလုံး အလုပ်မှ ထွက်ချင်သူများနေကြောင်း ထွေအုပ်ရုံးနှင့်နီးစပ်သူများက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်ကလည်း ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုပြုလုပ်ခဲ့သည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သေးသည်။

ဓာတ်-ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်း

#ဟင်္သာတ #မြို့နယ်အုပ်ချုပ်ရေးမှူး ​#ပြည်သူ့စစ်မှုထမ်း #ရပ်ကျေးစာရေး #ကျေးရွာအုပ်ချုပ်ရေးမှူး#ရပ်ကွက် #ကျပ်ငွေသိန်းသုံး #ဆယ်ကျော်တောင်း #Ayeyarwaddy_Times