ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

စစ်တပ်အာဏာသိမ်းမှုကြောင့် ပြင်ပထွက်ခွာမှုများပြားလာပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်လိုအပ်သော မှတ်ပုံ တင်နှင့် Unique Identity Number-UID အတုပြုလုပ်ပေးသူပွဲစား ၂၃ ဦး တရားစွဲခံရကြောင်းသိရသည်။

အဆိုပါ ပွဲစား ၂၃ ဦးကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသည်ဟုဆိုကာ ရန်ကုန်ရှိ သင်္ကန်းကျွန်း၊ အင်းစိန်၊ စမ်းချောင်း၊ ဒလမြို့မရဲစခန်းနှင့် မွန်ပြည်ရှိ မော်လမြိုင်မြို့မရဲစခန်းအပါဝင် ကရင်ပြည်နယ်ရှိ မြဝတီ မြို့မရဲစခန်းတို့တွင် စစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။

“ပက်စပိုစ့် လုပ်ဖို့အတွက် UID နံပါတ်လို‌တော့ လုပ်တဲ့သူတွေများတယ်။ အခုစစ်ဖြစ်လို့ နယ်ကနေ ရန်ကုန်ရောက်လာသူတွေက ရန်ကုန်မှာလုပ်ကြတယ်။ တချို့မြို့နယ်မှာတော့ရတယ်။ စစ်ဖြစ်နေတဲ့ နေရာကလူတွေ UID လိုချင်ရင် စစ်မြန်မြန်ပြီးအောင် ဆုတောင်းဖို့ လဝကရုံးက လူ‌တွေအဲဒီလိုပြောတယ်။ လိုချင်တဲ့သူတွေက ပိုက်ဆံပေးလုပ်ကြတော့ အလိမ်ခံရတာရှိမှာ ” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ထို့ပြင် UID ( Smart Card) နံပါတ်လုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)ရုံးတွင် လူများ ပြား၍ တိုကင်များပေးကာ ရက်ချိန်းဖြင့်ယူရသည့်ရုံးများရှိပြီး တစ်ရက်တည်းဖြင့်မပြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မူဆယ်မြို့အတွင်း UID မရရှိသေးသည့်သူများကို နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ကာ မူဆယ်မြို့ပြည်ထောင်စုအားကစားကွင်း၌ ရက်ချိန်းတိုကင်ပေးနေပြီး မည်သည့်အိမ်ထောင်စုမဆို တိုကင်လာယူနိုင်‌ကြောင်းသိရသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သက်ဆိုင်ရာလဝကမြို့နယ်ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လူကိုယ်တိုင်သွားရောက်ပြီး e-ID စနစ်ဖြင့် UID နံပါတ်ကိုအခကြေးငွေကုန်ကျမှုမရှိဘဲဆောင်ရွက်နိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ရုံးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူအမြတ်ထုတ်သူများအား ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီက ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မှတ်ပုံတင်အတု #UID #Smartcard #အတုပြုလုပ်သူများ #အဖမ်းခံရ #Ayeyarwaddy_Times