ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ရက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိက ဗျူဟာကုန်းကြီးများနှင့် စစ်ကောင်စီ၏ နပခ ပတ်လည်ရှိ တပ်ရင်း၊ တပ်စခန်းရှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

AA သည် အမ်းရှိ နပခဌာနချုပ်၏ ကာကင်းနှင့် စခန်းအချို့ကို သိမ်းယူထားပြီး လက်ကျန် ကျန်ရှိနေသော တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၃ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။

“အမ်းတိုက်ပွဲတွေက မြို့တွင်းထိရောက်လာပြီ။ နပခက ဘက်ပေါင်းစုံက‌နေ ပိတ်ဆို့တိုက်ခံနေရတဲ့ သဘောပါ” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ကာကင်းစခန်းများအပြင် ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်(လကရ) နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ် (စရဖ) တို့ကိုလည်း AAက သိမ်းပိုက်ရရှိထားသည်။

လက်ရှိတွင် AA သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ၏ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ(ဆလအခွဲ-၉၄၆) ၊ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ-၃၇၁ ၊ခမရ ၃၇၂ ၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ (လလစ-၇၅၇/၂) ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ( ထပခ-၉၂၆ ) ၊ အမှတ်(၉)ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း (ဆသလ-၉) ၊ အမှတ်(၈)အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း(အဆရ-၈) ၊ အမှတ်(၁၀)တပ်ထိန်းတပ်ခွဲ(တထခ-၁၀) ၊ အမှတ်(၉၁၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း(စအရ-၉၁၉) တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

သိမ်းပိုက်ရရှိထားပြီးသော စခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု AAက ဆိုသည်။

လက်ရှိတွင် အမ်းမြို့ရှိ နပခဌာနချုပ်အပါအဝင် တပ်ရင်း တပ်စခန်းအများစုကို AA က ပိတ်ဆို့ တိုက်ခိုက်နေသည့်အတွက် မြေပြင်စစ်ကူပင်မပို့နိုင်တော့ဘဲ လေကြောင်းမှ စစ်ကူနှင့် လက်နက်ရိက္ခာ ဖြည့်တင်းနေရကြောင်း သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၀ရက်နေ့ နေ့လယ် ၂နာရီကျော်ခန့်က နပခသို့ စစ်လက်နက်ပစ္စည်းများ လာရောက် ပို့ဆောင်ပြီး ဒဏ်ရာရ စစ်အရာရှိများကို ပြန်လည်တင်ဆောင်ကာ ထွက်ခွာလာသည့် စစ်ကောင်စီ၏ MI 17ရဟတ်ယာဉ်ကို AAက ပစ်ချနိုင်ခဲ့သည်။

စစ်ကောင်စီနှင့် AA တို့သည် အမ်းမြို့နယ်တွင်သာမက ဂွနှင့် မောင်တောတွင်လည်း တိုက်ပွဲဖြစ်ပွား နေပြီး မောင်တောမြို့နယ်တစ်ခုလုံးကို AAက သိမ်းပိုက်ထားနိုင်ကာ မြို့ပြင်ရှိ အမှတ်(၅) နယ်ခြားစောင့်စခန်း (နခခ- ၅) မြို့သူကြီး တစ်ခုတည်းသာ ဆက်လက်တိုက်ခိုက်ရန်ကျန်ရှိနေပြီး နေ့စဉ် နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ- AA Info desk
ပုံစာ- အမ်း နပခ၏ တပ်ရင်း ၊ တပ်စခန်းများကို AA သိမ်းပိုက်ထားစဥ်
#အမ်း #စစ်ကောင်စီ #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #ဗျူဟာ #ကာကင်း #AAသိမ်းယူ #Ayeyarwaddy_Times