ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ နိုဝင်ဘာ ၁၄ ရက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဟာ-၅၊ ဖာပွန်‌ဒေသတွင် စစ်ကောင်စီ လက်အောက်ခံစခန်းအား လုံးနီးပါး သိမ်းပိုက်ထားနိုင်ပြီး ယခုအခါ စစ်ကောင်စီစခန်း ၁၀ ခု ဝန်းကျင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ကျန်ရှိသည့်စစ်ကောင်စီစခန်းများတွင် ဖာပွန်ဗျူဟာတစ်ခုသာ စခန်းကြီးအနေဖြင့်ကျန်ရှိနေပြီး ကျန်စစ် စခန်းများမှာစခန်းထိန်း အနေဖြင့်သာကျန်နေသည့် စခန်းများဖြစ်၍ စစ်တပ်အနေဖြင့် နယ်မြေထိန်းချုပ် လှုပ်ရှားနိုင်မှုများ မရှိတော့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သတင်းရင်း မြစ်များထံက သိရသည်။

“ဒီဘက်ကသိမ်းဆည်းရရှိတဲ့စခန်းအားလုံးဟာ စစ်ကောင်စီရဲ့ဒေသအပေါ်အာဏာလွှမ်းနိုင်ရေးအတွက် တကယ့်အရေးပါတဲ့စခန်းတွေချည်းပဲ။ အခုဖာပွန် စကစဗျူဟာစခန်းကတော့ တော်လှန်ရေးပူးပေါင်း တပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ခံထားရတုန်းပဲ။ သူတို့ဘာမှလှုပ်ရှားလို့မရဘူးနော်” ဟု KNLA တပ်မဟာ-၅ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ ဖာပွန်ဗျူဟာမှာလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံထားသည့် အခြေအနေ တွင်ရှိကာ စစ်ကောင်စီက တပ်မိသားစုဝင်များကို စခန်းအတွင်းသာ နေခိုင်းပြီး အပြင်ထွက်ခွာခွင့်ကို လည်း ပိတ်ပင်ထား ကြောင်း သိရသည်။

“ဖာပွန်ဗျူဟာစခန်းက အစ အထက်မျှော်အဆင့်မှာရောက်နေကြတယ်။ စစ်ကောင်စီ ရဲ့ဖာပွန်ဗျူဟာ စခန်းထဲမှာ သူတို့တပ်မိသားစုတွေ အကုန်လုံးခေါ်စုထားပြီးလုံးဝအပြင်ပေးမထွက်ဘူး။ သတင်းပေါက် ကြားမှာစိုးလို့လားမသိဘူး တော်လှန်ရေးပူးပေါင်းတပ်ဘက်ကထွက်ခွင့်ပေးဖို့ အသံချဲ့နဲ့ပြောတယ်။ စကားပြောစက်နဲ့ လည်းလှမ်းပြောတယ်။ ဒါပေမဲ့ သူတို့ထွက်ခွင့်မပေးဘူး” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဆက်လက် ပြောသည်။

ယခုအခါ ဖာပွန်ဗျူဟာအတွင်း စစ်ကောင်စီဘက်မှ အင်အား ၃၀၀ ဝန်းကျင်ရှိ နေပြီး ၎င်းတို့ တပ်မိသားစုဝင်များ ပါပါဝင်က ၆၀၀ ဝန်းကျင်အထိရှိ နေပြီး တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထား သည့်အတွက် စစ်ကောင်စီက ၎င်းတို့ထောက်ပို့ပစ္စည်း ရိက္ခာများကို လေကြောင်းအသုံးပြု၍သာ ပေးပို့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နှစ်ပေါင်း ၇၀ ကျော်ကြာသက်တမ်းရှိ ကူးဆိပ်စခန်းကို စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင်လည်း အရေးပါသည့် စခန်းကြီးတစ်ခုဖြစ်သည့် ခေါပုတ်စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက စခန်းသိမ်းပိုက်ရရှိခဲ့သည်။

ဓာတ်ပုံ – Force for Federal Democracy
ပုံစာ – ဖာပွန်ဒေသတိုက်ပွဲအခြေအနေများ
#ဖာပွန် #တပ်မဟာ၅ #စစ်ကောင်စီစခန်း #စခန်းသိမ်းပိုက်ခံရ #KNLA #PDF #Ayeyarwaddy_Times