ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

ယခုနှစ်ပြက္ခဒိန်တွင် ရုံးပိတ်ရက် မှားယွင်းဖော်ပြထားသောစာပေတိုက်များအနက် ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေးလုပ်ငန်းကို ထုတ်ဝေခြင်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရွှေနိုင်ငံပိုစတာလုပ်ငန်းသည် ပုံနှိပ်၊ ပိုစတာမီဒီယာလောက၏ အစောဆုံးစာပေဖြန့်ချိရေးများထဲတွင် ပါဝင်ပြီး ပြက္ခဒိန်၊ ပိုစတာ၊ စာအုပ်၊ ဗွီနိုင်းထုတ်‌ဝေခြင်းတို့ကို ဆယ်စုနှစ်များစွာလုပ်ကိုင်ခဲ့သည့် ဖြန့်ချိရေးလုပ်ငန်း ဖြစ်သည်။

စစ်ကောင်စီက ထုတ်ဝေသူ ဦးမောင်မောင်လှ ( ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေး) သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ ( ခ) နှင့် ပုဒ်မ ၁၈ တို့လိုက်နာပျက်ကွက်၍ ထုတ်ဝေခွင့် ရုပ်သိမ်းကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပြက္ခဒိန်တွင် အများပြည်သူရုံးပိတ်ရက် အဖြစ်မှားယွင်းဖော်ပြခဲ့သော ထုတ်ဝေသူ များဖြစ်သည့် ဦးမောင်မောင်လှ(ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေး)၊ ဦးလှဝင်း(ရွှေဝါဝင်းစာပေ)၊ ဦးအောင်မျိုးသန့်(အောင်မျိုးစာပေ)၊ ဦးမိုဟာမက်ဆာလာဟူဒင်(အစ္စလာမ့်မီးအိမ်စာပေတိုက်)၊ ဦးချစ်ဆွေ(မြတ်သဇင်စာပေ)၊ ဦးမျိုးသိန်း(ဆွေမဟာစာပေ) တို့ကို အများပြည်သူတို့၏ ရုံးပိတ် ရက်များကို မှန်ကန်စွာဖော်ပြထုတ်ဝေရန် ခေါ်ယူသတိပေးမှတ်တမ်းတင်၍ ဝန်ခံကတိပြု လက်မှတ်ရေး ထိုးစေခဲ့ပြီးဖြစ်သည်။

အဆိုပါစာပေတိုက်များက ထုတ်ဝေသည့် ပြက္ခဒိန်တွင် ယခုနှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ( တန်ဆောင်မုန်းလ အဖိတ်နေ့) အပါအဝင် လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ စက်တင်ဘာလ ၂၉ ရက်နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့တို့ကို အများပြည်သူရုံးပိတ်ရက် အဖြစ်သတ်မှတ် ဖော်ပြထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရတာဝန်ယူစဉ်က ရုံးပိတ်ရက်များ သတ်မှတ် ရာတွင် အခါကြီး ရက်ကြီး လပြည့်နေ့ဖြစ်ပါက ရှေ့တစ်ရက် ( အဖိတ်နေ့) ကို ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ ရုံးပိတ်ရက်သည် ( စနေနှင့် တနင်္ဂနွေ) ဖြစ်ပါက ရက်အစားထိုးပေးခြင်းတို့ကိုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်တွင် အများပြည်သူရုံးပိတ်ရက်များကို လျော့ချ သတ်မှတ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သော အများပြည်သူတို့၏ ရုံးပိတ်ရက် များကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် ပြက္ခဒိန်ပါ အများပြည်သူတို့၏ ရုံးပိတ် ရက်များအတိုင်း ဖော်ပြထုတ်ဝေရမည်ဟု ထုတ်ပြန်ထားသည်။

#ရွှေနိုင်ငံပုံနှိပ်တိုက် #လိုင်စင်ရုတ်သိမ်းခံရ #အများပြည်သူရုံးပိတ်ရက်မှားယွင်းဖော်ပြမှု #စစ်ကောင်စီ #Ayeyarwaddy_Times