ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ရက်

ရခိုင်​ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ပတ်လည်ကို အာရက္ခတပ်တော် (AA)က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲမှာ အမ်းမြို့အတွင်းထိ ဖြစ်ပွားလာကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၂ရက်နေ့က အမ်းမြို့၊ အမှတ်(၅) ရပ်ကွက်မြို့မရဲစခန်းအနီးတွင် စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

မြို့သစ်အမှတ် (၅)ရပ်ကွက်၊ အေးရိပ်သာကျောင်းအနီးနှင့် သုဿန်အနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ နိုဝင်ဘာ ၁၃ရက်နေ့တွင် စစ်ကောင်စီ၏ ခမရ ၃၇၁(ပျဉ်းတောရွာ) နှင့် မြို့သစ်အမှတ် (၅) ရပ်ကွက်ကြား လမ်းမကြီးတစ်ကြောလုံးကို AA က စိုးမိုးထားနိုင်ကြောင်း သိရသည်။

“တိုက်ပွဲက ထွေအုပ်ရုံးရယ်၊ ရဲစခန်းတို့နဲ့ မီတာ ၆၀၀လောက်ပဲကွာတယ်ပြောတယ်။ အခု အဲဒီ့လမ်းကြောတစ်ခုလုံး တပ်တော်က စိုးမိုးထားတယ်” ဟု အမ်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးရှိ စအရ ၉၁၉ (စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)၊ ထပခ ၉၂၆(ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ)၊ တထခွဲ ၁၀( တပ်ထိန်းတပ်ခွဲ)၊ ခမရ ၃၇၁၊ ခမရ ၃၇၂တို့ကို AA က ပိတ်ဆို့ကာ စောင့်ကြည့် တိုက်ခိုက်နေသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။

AA က စစ်ကောင်စီ၏ နပခ ပတ်ချာလည်ရှိ အဆရ ၈ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ ဆလအခွဲ ၉၄၆ (ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်း)တို့ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

AA သည် စစ်ကောင်စီ၏ စနခ၃၄၅(စစ်လက်နက်ပစ္စည်း တပ်ခွဲ)၊ အမတ ၃၇၄ (အမြောက်တပ်)၊ ဆအလအခွဲ ၉၄၆၊ လလစ ၇၅၇ (အလုပ်ရုံတပ်စု) တို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်နေ့ကတည်းက စောင့်ကြည့် ထိန်းချုပ်ပိတ်ဆို့ထား၍ စစ်ကူကို လေကြောင်းမှတစ်ဆင့် ပို့နေရကြောင်း သိရသည်။

လက်ရှိတွင် နပခပတ်လည်ကိုသာမက နပခအတွင်းကိုပါ AAက လက်နက်ကြီးများဖြင့်ပစ်ခတ်ထိန်းချုပ်ထားသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက် ညနေ ၄နာရီခန့်တွင် နပခရှိ စစ်လက်နက်သိုလှောင်ရုံကို AA က လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်သိုလှောင်ရုံ ပေါက် ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးခန့် သေဆုံးသွားခဲ့သည်။

မြေပုံ- Nai Zinyaw

#အမ်း #နပခ #AA #ပိတ်ဆို့တိုက်ခိုက် #မြို့တွင်းတိုက်ပွဲဖြစ် #Ayeyarwaddy_Times