ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ နိုဝင်ဘာ ၁၃ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာတွင် ကောက်(စပါး)ရိတ်ပြန်လာသည့် ဒေသခံပြည်သူ အယောက် ၂၀၀ ခန့်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။
ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ပူချယ်ရွာမှ ဖမ်းဆီးခံရသည့် ဒေသခံ အယောက် ၂၀၀ ခန့်ကို စစ်ကောင်စီက ပင်လောင်းမြို့၊ အားကစားရုံ အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပူချယ်ရွာ ဒေသခံ ၂၀၀ ကို တစ်ပြိုင်နက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ အမည်များနှင့် ကျား၊မ အရေအတွက်ကို ဆက် လက်စုံစမ်းနေကြောင်းလည်း KNDF က ထုတ်ပြန်ထား သည်။
“အဖမ်းခံရတဲ့ပြည်သူတွေက ပူချယ်ရွာကပဲဖြစ်ပါတယ်။ ဖယ်ခုံမြို့နယ်၊ ပူချယ်ရွာဆိုတာက ပင်လောင်း၊ ဖယ်ခုံနယ်စပ်မှာရှိတဲ့ရွာဖြစ်ပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခါမှာ အဲ့ဒီရွာတွေကို ဖြတ်သွားပြီးမှ စစ် ကြောင်းထိုးတာဖြစ်ပါတယ်။ အဲ့ဒီရွာက ပြည်သူတွေကလည်း စပါးရိတ်သိမ်းရာသီဆိုတော့ စပါးရိတ်ကြတယ်။ စပါးရိတ်ပြီးပြန်လာတဲ့ ပြည်သူ ၂၀၀ လောက်ကို စစ်ကောင်စီက ဖမ်းသွားတာဖြစ်ပါတယ်။ ၂၀၀ ကျော်လုံးကို တစ်ခါထဲ ဖမ်းသွားတာဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန့်ဖာမူ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက် စသည့် ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များကို ဖောက်ထွင်းလုယက်ခြင်း၊ မီးရှို့ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် ဖယ်ခုံ၊ ပင်လောင်း ဒေသအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ယခု နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ခြောက် ဦးသေဆုံးကာ ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ တစ်လတာအတွင်း ကရင်နီဒေသတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များ
#KNDF #ဖယ်ခုံ #စစ်ကောင်စီစစ်ကြောင်း #ဒေသခံဖမ်းဆီးခံရ #အယောက်၂၀၀ #Ayeyarwaddy_Times