ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုများပြားနေသဖြင့် လေကြောင်းမှ စစ်လေယာဉ်မျိုးစုံသုံးကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီသည် ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းမှစတင်၍ ပုလဲမြို့ပေါ်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်ကို လေယာဉ်အမျိုးအစား မျိုးစုံသုံးကာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
“အထိနာပြီး လေယာဉ်ပေါင်းစုံနဲ့ ဗုံးကြဲနေတာ။ လေယာဥ်တွေက တချိန်လုံးပျံနေတယ်”ဟု ယင်းမာပင် တပ်ရင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပုလဲမြို့ပေါ်သို့ Y 12၊ Y 8၊ MI 35၊ YAK 130 JF၊ K8W JF၊ MIG 29 JF၊ F 7 M JF စသည့်တိုက် ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပုလဲမြို့နေရာအနှံ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ပုလဲမြို့သိမ်းတိုက်ပွဲတွင် မြို့ပေါ်ရှိ လျှပ်စစ်ရုံးအပါအဝင် မြို့၏အဓိကနေရာများနှင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများအထိ တော်လှန်ရေးတပ်ဖွဲ့ များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ခိုက်ရေးရဟတ်ယာဉ်မျိုးစုံဖြင့် ၁၂ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပုလဲမြို့ပေါ်ရပ်ကွက်များမှ ဒေသခံ သောင်းချီ၍ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တံတားဦးလေတပ်၊ မကွေးလေတပ်နှင့် မတ္ထီလာလေတပ်တို့မှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပုလဲမြို့နေရာအနှံ့ကို ဗုံးကြဲနေခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့ ကျားသစ်နက်တပ် မတော်က ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီသည် ယင်းနေ့တစ်ရက်တည်းတွင်ပင် ဗုံး ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကာ ပေါင် ၅၀၀ ဗုံးများပင် အသုံးပြုခဲ့ကြောင်း ယင်းမာပင် တော်လှန်ရေးတပ်ရင်းတစ်ခုထံက သိရသည်။
ပုံစာ -ပုလဲမြို့ပေါ်နေဒေသခံများကိုကယ်ထုတ်နေစဉ်
#စစ်ကိုင်း #ပုလဲမြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီအထိနာ #လေယာဉ်မျိုးစုံဗုံးကြဲ #Ayeyarwaddy_Times