ဧရာဝတီတိုင်းမ်
(ချင်း)၊ နိုဝင်ဘာ ၁၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် ချင်းညီနောင်ကမြို့သိမ်းတိုက်ပွဲများဆင်နွှဲနေပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရသည်။

ဖလမ်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်၍ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)နှင့် ချင်းညီနောင်တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ခလရ ၂၆၈ ကို ဆက်လက်တိုက်ခိုက်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဖလမ်းမြို့ပေါ်တိုက်ပွဲနှင့် ပတ်သက်၍ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ၏ ပြောခွင့်ရှိသူထံ ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ပြန်လည် တုံ့ပြန်ဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီသည် လေကြောင်းဖြင့် နေ့စဥ်တိုက်ခိုက်နေပြီး ဖလမ်းမြို့၊ ဒေသခံအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြောင်းသိရသည်။

အလားတူ မင်းတပ်မြို့ကိုလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းညီနောင်နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီတပ်က မြို့ပေါ်ရှိ လူနေအိမ်အများအပြားကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် တပြိုက်နက်ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ မဟုတ်မမှန်သည့် စစ်ရေးသတင်းများကို ရေးသားဖြန့်ဝေခြင်းမပြုလုပ်ရန် ချင်းညီနောင်အဖွဲ့က ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ချင်းညီနောင်အဖွဲ့အနေဖြင့် တိကျမှန်ကန်သော သတင်းများနှင့် အောင် ပွဲရသတင်းများကို အချိန်နှင့် တပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး မင်းတပ်နှင့် ဖလမ်းမြို့တို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်း ခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်း အချို့က အိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ချင်းညီနောင်တပ်ဖွဲ့ထိန်းချုပ်ထားသော မြို့နယ်များတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားပြီး လက်ရှိအကောင်အကောင်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ပုံစာ-ဖလမ်းမြို့နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များ။
#ဖလမ်း #မင်းတပ် #တိုက်ပွဲပြင်းထန် #ဖလမ်းမြို့ #ချင်းညီနောင် #ထိန်းချုပ် #Ayeyarwaddy_Times