
ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ နိုဝင်ဘာ ၁၂ ရက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ကူးဆိပ်တံတားလုံခြုံ ရေးစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာ ၆ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၉ ရက်နေ့တွင် အပြီးသတ်စခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ် ဦး၏အလောင်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း KNU တပ်မဟာ-၅ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် နှစ် လက်၊ မောင်းပြန်ရိုင်ဖယ် သုံး လက်၊ ကျည်ဖူး ၂၇ လုံး၊ ၆၀-မမကျည်ဖူး ၂၂ လုံး၊ ဒရုန်းဖျက် ဂျန်မာ သုံး ခုနှင့် မောင်းပြန်ရိုင်ဖယ်ကျည်တောင့် ၂၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကူးဆိပ်စခန်းမှာ စစ်ကောင်စီ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ တပ်စွဲထားသည့် စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်းတွင်လည်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် နှစ် ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။
ယခုအခါ ဖာပွန်ခရိုင်အတွင်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီက ၎င်းတို့၏ တပ်စခန်း အများစုကို လက်လွှတ်ခဲ့ရပြီး ဖာပွန်ဗျူဟာတွင်သာ ပြန်လည်ဆုတ်ခွာအင်အားစုစည်း နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ဖာပွန်ရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်းကို စခန်း သိမ်းတိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိများ အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင် ၁၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ဓာတ်ပုံ – KNU-MUTRAW News
#ဖာပွန် #ကူးဆိပ်စခန်း #စစ်ကောင်စီ #စခန်းသိမ်းတိုက်ခိုက် #KNLA #PDF #Ayeyarwaddy_Times