ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာ ၁၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့ သုံးရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ ကြောင်းသိရသည်။

ထို့အပြင် မင်းတပ်မြို့ပေါ်ရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က လိုက်လံမီးရှို့ခဲ့ပြီး လူနေအိမ်မီးရှို့ခံထားရမှု အရေအတွက်ကို မသိရသေးကြောင်းသိရသည်။

“လေကြောင်းတိုက်ခိုက်မှုတွေတော့ သုံးရက်ဆက်တိုက်ရှိပါပြီ။ တောက်လျှောက်လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လူနေအိမ်ထိခိုက်မှုအခြေအနေတော့ ပြောလို့မရဘူးခင်ဗျ။ မီးရှို့မှု အခြေအနေလည်း ဘယ်နှအိမ်လည်းဆိုတာ ပြောရတာ ခက်တယ်ခင်ဗျ။ တစ်ခါရှို့ရင် အနည်းဆုံး သုံးလေးငါးအိမ်လောက်ပါသွားတယ်ခင်ဗျ” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရဆလိုင်း ယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ယနေ့၊ နိုဝင်ဘာ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းဖြင့် မင်းတပ်မြို့ပေါ် နေရာများကို ပျံဝဲနေပြီး လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် သုံးကြိမ်ခန့် တိုက်ခိုက်ထားကြောင်းဒေသခံများထံက သိရသည်။

ဓာတ်ပုံ-HKL
ပုံစာ-မင်းတပ်မြို့ပေါ် လူနေအိမ်မီးရှို့မှု။
#မင်းတပ်မြို့ပေါ် #၃ရက်ဆက်တိုက် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီ #လေကြောင်း #ပြင်းပြင်းထန်ထန်တိုက်ခိုက်နေ #Ayeyarwaddy_Times