ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ ညပိုင်းတွင်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီခန့်တွင် မိုးကုတ်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အရင်ဆုံး လေယာဉ်ပျံနေတာ ‌ခြောက်ခါ၊ ခုနစ်ခါလောက်ရှိတယ်။ နောက်မှဗုံးကြဲလေယာဉ် ရောက်လာပြီး ဗုံးကြဲသွားတာ။ ဒေသခံတွေက စစ်လည်းဖြစ်မနေတော့ ရှောင်ချိန်မရလိုက်ဘူး”ဟု မိုးကုတ်မြို့ရှိ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်နှင့် မိုးကုတ်မြို့အနောက်ပိုင်း လူးထရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးများဖြင့် သုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရရှိ သူများရှိကြောင်း သိရသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးမကြဲမီ Y 12 လေယာဉ်ဖြင့် မိုးကုတ်မြို့ပေါ်ကို ခြောက်ကြိမ်ခန့် ပျံဝဲပြီး ကင်းထောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခံရသည့်အတွက် လူးထရပ်ကွက်တွင် အမျိုးသမီးတဦးအပါအဝင် ဒေသခံ သုံးဦး၊ လယ်ဦးရပ်ကွက်တွင် အမျိုးသား သုံး ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများမှာ လက်နှင့်ခြေထောက်များ ဖြတ်တောက်ရသည်အထိ ဒဏ်ရာပြင်းထန်ပြီး နေအိမ်နှင့် အဆောက် အအုံများ ပျက်စီးမှုများပြားကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လာသည့်အတွက် စစ်ဘေးရှောင်များပြည်သူများ မြို့အတွင်းပြန်လည်ဝင် ရောက်နေထိုင်ချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ဖျက်အားပြင်းပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံနေရသည့်အတွက် နောက်တစ်ကြိမ်ထပ်မံ၍ ဗုံးလာရောက် ကြဲချမည်ကို မြို့ခံအများစုက စိုးရိမ်နေကြောင်း သိရသည်။

ယခုနိုဝင်ဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် မြောင်ဇီးရွာနှင့် ဆမ်မဆယ်ကျေးရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ -မိုးကုတ်မြို့ ‌ဗုံးကြဲခံရပြီးမြင်ကွင်း
#မန္တလေး #မိုးကုတ် #စစ်ကောင်စီ #ပေါင်၅၀၀ဗုံးကြဲ #ဒေသခံ၆ဦးသေဆုံး #Ayeyarwaddy_Times