ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

နှစ်စဉ်တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမီးပုံးပျံ ပွဲတော်ကို ရာသီဥတု ( မိုးရွာသွန်းမှု) ကြောင့် နှစ်ရက်နောက်ဆုတ်ပြီး ယမန်နေ့ ( နိုဝင်ဘာ ၁၁ ) ရက်နေ့တွင် စတင်ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် မူလက နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ထားသော်လည်း မိုးရွာသွန်းမှုကြောင့် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ပြောင်းလဲ ကျင်းပခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံက သိရသည်။

အဆိုပါမီးပုံးပျံပွဲတွင် စိန်နားပန် ( ၁၈ ပေ) ၂၁ လုံး၊ ညမီးကြီး (၂၂ ပေ) ၂၆ လုံးပါဝင်ကာ စုစုပေါင်း ၄၇ လုံး လွှတ်တင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံက သိရသည်။

ထို့ပြင် နေ့လွှတ် အရုပ်ပြိုင်ပွဲကို နေ့လည် ၁၂ နာရီမှ ၄ နာရီအထိကျင်းပကာ အရုပ်အုပ်စု ခြေလေးချောင်းနှင့် ခြေနှစ်ချောင်း စုစုပေါင်းမီးပုံး ၂၀၉ လုံးပါဝင်ဖြစ်ဖြစ်ကြောင်းသိရသည်။

လက်ရှိပွဲစတင်ကျင်းပသော ပထမရက်မှာပင် ဈေးရောင်းပွဲ၊ လောင်းကစားဝိုင်းပွဲများဖြင့် လည်ပတ်သူ များစည်ကားနေပြီး တောင်ကြီးမြို့ရှိဟိုတယ်များတွင် တည်းခိုသူများပြည့်‌နေပြီဖြစ်ကြောင်းသိရသည်။

တောင်ကြီးမီးပုံးပျံပွဲတော်ကျင်းပသည်မှာ ယခုနှစ်အပါအဝင် ၇၂ ကြိမ်မြောက်လာရှိပြီဖြစ်ပြီး ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုရှိသည့် ၂၀၂၀ ပြည့်နှစ်နှင့် စစ်တပ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်တို့တွင် မီးပုံးပျံပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

ဓာတ်ပုံ – ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း
#တောင်ကြီး #မီးပုံးပျံပွဲတော် #တန်ဆောင်တိုင် #အဝေရာကွင်း #Ayeyarwaddy_Times