ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏမိုင်းခွဲသတိ ပေးခြင်းကို ခံထားရသည့် တောင်ဒဂုံ (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆိုင်ကယ်ဘေးတွဲမောင်းသူများကို အလှည့်ကျကင်းစောင့်ခိုင်းထားကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။

စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့များက ယခု နိုဝင်ဘာ ဒုတိယပတ်မှစတင်ကာ ဘေးတွဲမောင်းသူများ ရပ်ကွက်ရုံးတွင် အလှည့်ကျကင်းစောင့်ရမည်ဟု ညွှန်ကြား၍ ကင်းစောင့်ခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“ဘေးတွဲမောင်းတဲ့သူတွေကို ခေါ်ပြီး ကင်းစောင့်ခိုင်း တာ။ သူတို့ဆီ ဝတ်စုံလုပ်ထားတဲ့သူတွေကို အရင်ခေါပြီး တစ်ညကို ၅ ယောက်စီ ည ၇ နာရီကနေ ၁၀ နာရီထိ ကင်းစောင့်ရတယ်။ ရပ်ကွက်ရုံး ကိုစောင့်ရတာ။ ရုံးရှေ့ငုတ်တုတ်ထိုင်ပြီးတော့။ ဟိုကလာပစ်ရင် ပြေးရမှာပဲ”ဟု (၂၆) ရပ်ကွက်နေ ဘေးတွဲမောင်းသူ၏ အမျိုးသမီးဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တစ်ညလျှင် ငါးဦးတစ်ဖွဲ့စီဖြင့် အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် လုံခြုံရေးယူကင်းစောင့်ခိုင်းထားပြီး တော်လှန် ရေးတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်မှုမပြုလုပ်နိုင်စေရန် လူသားဒိုင်းကာအဖြစ် လုံခြံရေးယူခိုင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်စု ဆောင်းပေးခြင်း၊ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မကြာခဏအစည်းအဝေးလုပ်ခြင်း၊ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်ကာ ပြည်သူများကို နှောင့်ယှက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းခွဲခြင်း၊ ဗုံးပစ်ခြင်း၊ သေနတ်ပစ်ဖောက်၍ သတိပေးခြင်းများကို မကြာခဏ ပြုလုပ်ခြင်းခံနေရသည့် ရုံးဖြစ်သည်။

ထို့အပြင် ရပ်ကွက်ရုံးဘေးတွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြထွန်း သည် ရပ်ကွက်အတွင်းရှိ ဧည့်စာရင်းဖြင့် နေထိုင်သူများထံက ငွေကြေးကောက်ခံခြင်း၊ လူငယ်အချို့ကို ဖမ်းဆီးကာ ငွေညှစ်ခြင်းများပြုလုပ်ပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေသည့်အတွက် မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခု၏ ပတ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့နှင့် အောက်တိုဘာ ၂၅ ရက်နေ့များက အဆိုပါရပ်ကွက်ရုံးတွင် စစ်ကောင်စီနှင့် ရပ်ကွက်အုပ်ချုပ်သူများ အစည်းအဝေးလုပ်နေစဉ် ဗုံးခွဲတိုက်ခိုက်ခြင်း၊ အဝေးထိန်း မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းတို့ကို ခဲ့ရ မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်။

ထိုသို့ မကြာခဏသတိပေးတိုက်ခိုက်ခံရသည့် ရုံးတွင် အတင်းဖိအားပေးကာ ကင်းစောင့်ခိုင်း ခံရသည့် ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများရှိကြောင်း သိရသည်။

အလားတူပင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းတွင်လည်း ကျေးရွာထိပ်တွင် PDF များ ဝင်လာမည်ကို သတင်းပေးစောင့်ကြည့်ရန် ဒေသခံများကို လုံခြုံရေး ယူကင်းစောင့်ခိုင်းထားကြောင်း သိရသည်။

#ရန်ကုန် #တောင်ဒဂုံ #၂၆ရပ်ကွက် #အုပ်ချုပ်ရေးမှူးရုံး #ဘေးတွဲ #ကယ်ရီသမား #အလှည့်ကျကင်းစောင့် #Ayeyarwaddy_Times