
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
ရှမ်းမြောက်၊ နောင်ချို၊ မန္တလေး-မူဆယ်လမ်းမကြီးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ဗုံးကြဲချခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီ၃၀ မိနစ်ခန့်တွင် နောင်ချိုရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ခရီးသွားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“အဲဒီဆိုင်က ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတာ။ ခရီးသွားတွေ အများစုဝင်နားတဲ့ဆိုင်။ ကားသမား တွေ၊ ကုန်သမားတွေ၊ ခရီးသွားတွေရှိတယ်။ ကားသမားအတော်များများသေတယ် လို့သိရတယ်။ ခရီး သွားတွေလည်း သေတယ်ကြားတယ်။ သေဆုံးသူအတိအကျ မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နယ်မြေ နှစ်ခုကို နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း မိုးကုတ်မြို့ကို ပေါင် ၅၀၀ ဗုံးများဖြင့် သုံးကြိမ်တိုင် ကြဲချတိုက် ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ခြောက်ဦး သေဆုံးကြောင်း သိရသည်။
ယခုနိုဝင်ဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် မြောင်ဇီး ရွာနှင့် ဆမ်မဆယ်ကျေးရွာတို့ကို စစ်ကောင်စီက ဂျက် ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နောင်ချိုမြို့ တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက တောင်ခမ်းကိုစစ်ကူပို့ရန် ရှမ်းတောင်ရပ်စောက်နှင့် မန္တလေးနန်းတွင်းမှ တပ်များကို အသုံးပြုစေလွှတ်နေကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ရေးသတင်းရင်းမြစ်
#ရှမ်းမြောက် #နောင်ချို #လန်းဆန်းလက်ဖက်ရည်ဆိုင် #စစ်ကောင်စီ #ဗုံးကြဲ #ခရီးသွားများသေဆုံး #Ayeyarwaddy_Times