ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းဌာနချုပ်နှင့် ခြေမြန်တပ်မဌာနချုပ် တပ်မ (၉၉ ) တို့ ရှော့တိုက်ဒုံးဖြင့် အကြိမ်များစွာပစ်ခတ်တိုက်ခိုက်ခံရ ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် လေတပ်စခန်းပင်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် တပ်မ (၉၉) ကိုပါ ပစ်ခတ်တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုများစွာ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနက်အစောကြီး ပေါက်ကွဲမှုတွေ ဆက်တိုက်ထွက် လာတဲ့အသံတွေကြောင့် တိုက်ပွဲဖြစ်ပြီဆိုပြီး အလန့်တကြားနဲ့ အထုပ်ထပြင်ကြတာ။ နောက် ပေါက်ကွဲသံ တွေဆက်တိုက်ကြားရတာပဲ။ လေတပ် ထဲကိုမှာ ပေါက်ကွဲတာပိုများတယ်။ အလုံး ၂၀ ကျော်တယ်ပစ်တာ”ဟု မိတ္ထီလာမြို့နေ သတင်းရင်းမြစ်က ဧရာ၀တီတိုင်မ်ကို အတည်ပြုပြောသည်။

ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ဖုံးဖိထားပြီး စစ်တပ်ထောက်ခံဝါဒဖြန့်ချန်နယ်များ တွင်မူ လေတပ်စခန်းကို ပစ်ခတ်တိုက်ခံရပေမယ့် ဘေးရှိကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ လေတပ်ဌာနချုပ် ပစ်ခတ်ခံရပြီးနောက် တပ်မ (၉၉) အတွင်းတွင်လည်း ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်ခံရသည့် ရှမ်းတဲလေတပ် စခန်းသည် မကွေး၊ စစ်ကိုင်း၊ မန္တလေးမတ္တရာနှင့် ရှမ်းမြောက်နောင်ချိုမြို့နယ်များကို လေကြောင်းမှပစ် ခတ်မှုများပြုလုပ်သည့် လေတပ်စခန်းတစ်ခု ဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က မိတ္ထီလာမြို့နယ်နှင့် အနီးတဝိုက်မြို့နယ်များသို့ PDF များနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာခြင်းမရှိစေရန်နှင့် မြို့နယ်တည်ငြိမ်အေးချမ်းစေရန် ဟုဆိုကာ အမြန်လမ်းမနှင့် မြို့အဝင်တိုးဂိတ်တို့တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့တည်ငြိမ်အေးချမ်းစေရေး၊ PDFများနှင့် လက်နက်ခဲယမ်းများ မဝင်ရောက်စေရေးအတွက် မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ သာစည်နှင့် ပျော်ဘွယ်တို့မှ PDFဓာတ်ပုံများနှင့် မှတ်ပုံတင်တို့ကို တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် အကျယ်တဝင့်ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ပုံစာ-ရှော့တိုက်ဒုံး ပစ်ခတ်ခံရသည့် စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်
#မကွေး #မိတ္ထီလာ #စစ်ကောင်စီလေတပ်စခန်း #တပ်မ၉၉ #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #Ayeyarwaddy_Times