ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)သို့လက် နက်၊ ခဲယမ်းနှင့် ရိက္ခာ လာပို့သည့် MI 17 ရဟတ်ယာဉ်ကို အာရက္ခတပ်တော် (AA) က ပစ်ချလိုက်ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီ၃၀ မိနစ်ခန့်တွင် အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အတွင်း စစ်လက်နက် ပစ္စည်းများ လာရောက်ပို့‌ဆောင်ပြီး ပြန်လာသည့် ရဟတ်ယာဉ်လေးစင်းအနက် MI- 17 ရဟတ်ယာဉ်ကို AA ကပစ်ချခဲ့ရာ ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားကြောင်း သိရသည်။

“မနေ့က နေ့လယ် ၂ နာရီခွဲလောက်က MI 35 ဂျက်ဖိုက်တာနဲ့ MI 17 တွေ အမ်းရဲ့ဘောလုံးကွင်းထဲ ဆင်းလာပြီး လက်နက်ရိက္ခာပို့တယ်။ ပြန်အထွက်မှာ ဒဏ်ရာရတဲ့ အရာရှိတွေကို တက်ခေါ်သွားတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်။ MI 35 နဲ့ ဂျက်ဖိုက်တာကနေ အပေါ်ကနေဝဲပစ်တယ်။ အပစ်ခံရတဲ့ ရဟတ်ယာဉ် ရိုးတောင် ဘက်မှာ ပျက်ကျသွားတယ်လို့ အတည်ပြုနိုင်ပါတယ်”ဟု အမ်းဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ချခံရသည့် MI 17 ရဟတ်ယာဉ်သည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဆူးပဒေါင်းရွာရှိ ကျောက်ဆုံ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ အရေးပေါ်ဆင်း သက်လိုက်ရကြောင်း သိရသည်။

နပခဝင်းအတွင်း လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာလာရောက်ပို့ဆောင်သည့် ကျန်သည့်ရဟတ်ယာဉ် သုံးစင်းမှာ မူလရည်ရွယ်ရာလမ်းကြောင်းဖြစ်သည့် မကွေးတပ်မ (၈၈) သို့ ပြန်လည်ဆင်းသက်သွား နိုင်ကြောင်း သိရသည်။

“ရိုးတောင်ဘက်ကနေ ပဒါန်းကို အသည်းအသန်ထိုးဆင်းလိုက်ရတဲ့အထိ ရဟတ်ယာဉ်ကပျက်စီး သွားတယ်။ ရဟတ်ယာဉ်မှူးနဲ့ တင်ခေါ်သွားတဲ့ ဒဏ်ရာရ အရာရှိတချို့ ဒဏ်ရာရမှု ရှိပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နပခ ပတ်လည်ရှိ ကာကင်းနှင့် အဓိကတပ်ရင်းများလက် နက်ကြီးစခန်းများကို AAက သိမ်းပိုက် ထားပြီး မြေပြင်ထောက်ပို့လမ်း ကြောင်းများ ပိတ်ဆို့ ခံထားရသည့်အတွက် စစ်ကောင်စီသည် စစ်ကူနှင့်လက်နက်ခဲယမ်း ပို့ဆောင်ရာတွင် လေကြောင်းမှအဓိကထား ပို့ဆောင်နေရကြောင်း သိရသည်။

#ရခိုင် #အမ်း #စစ်ကောင်စီ #MI17 #ရဟတ်ယာဉ် #AAပစ်ချ #ပျက်ကျ #Ayeyarwaddy_Times