
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာ ၁၁ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ကျေးရွာများကို ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေး ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင်များပါ နေထိုင်နေသည့် နိုးကိုးစံပြကျေးရွာ နှင့် သရက်ပင် ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ် ဦး၊ အမျိုးသမီးတစ် ဦးနှင့် ကလေးငယ်တစ်ဦး တို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာ ၈ရက်နေ့၊ နေ့ခင်း ၃နာရီခွဲမှာ လွိုင်ကော်မှ နိုးကိုး နှင့် သရက်ပင် ရွာကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုးကိုးရွာမှ သုံးဦးသေဆုံးပြီး ခြောက် ဦးထိခိုက်ဒါဏ်ရာရတယ်။ သရက်ပင် ရွာမှာတော့ တစ်ဦး သေဆုံးခဲ့တယ်” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ် ခြင်းများ ပြုလုပ်နေပြီး တစ်လေးလုံး(၁၁၁၁) စစ်ဆင်ရေး နှစ်ပတ်လည်နေ့အတွက် စစ်အင်အား တိုးမြှင့်ချထားခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် နိုဝင်ဘာလ ၈ ရင်နေ့တွင်ပင် ရှမ်း-ကရင်နီနယ်စပ်ရှိ၊ ဖယ်ခုံမြို့နယ်၊ ကာလရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခဲ့မှု ပြုလုပ်ခဲ့ရာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#လွိုင်ကော် #စစ်ဘေးရှောင် #လက်နက်ကြီးထိမှန်သေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times