
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်အချို့တွင် စစ်မှု ထမ်းဥပဒေနှင့် လူသစ်စု ဆောင်းရာတွင် စစ်ကောင်စီခန့်ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများမှ ငွေကြေးကောက်ခံမှုများ ရှိနေ ကြောင်း သိရသည်။
ယခု နိုဝင်ဘာ ပထမပတ်အတွင်း စစ်မှုထမ်းအပတ်စဉ်(၇) အတွက် တပ်သား သစ်စုဆောင်းရာတွင် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကျေးရွာ အတွင်းရှိ နေအိမ်များမှ စစ်မှုထမ်းရန် အသက်ပြည့်မီ သူရှိပါက ငွေကျပ် တစ်သောင်းမှ ငါးသောင်းအထိ လစဉ်ကောက်ခံနေပြီး အသက်ပြည့်မီသူ မရှိသည့်အိမ်ကို ငွေကျပ် ငါးထောင်မှ သုံးသောင်းအထိ တောင်းယူလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“စစ်မှုထမ်းမယ့်သူကို ထောက်ပံ့ဖို့ဆိုပြီး ပိုက်ဆံလာ တောင်းတာ၊ သန်းခေါင်းစာရင်းလည်း ယူစစ်တယ်။ အသက်ပြည့်တဲ့သူရှိမရှိကြည့်တယ်။ ရှိရင် တစ်သောင်း ကနေ ငါးသောင်းအတွင်း ပေးရမယ်လို့ ပြောတယ်။ ကျွန်မတို့အိမ်မှာ အသက်ပြည့်တဲ့သူမရှိတော့ သဒ္ဓါ ကြေးပဲပေးပါဆိုပြီး တောင်းလို့ ငါးထောင်ပေးလိုက်တယ်။ မသဒ္ဓါပေမယ့် သူတို့ကလုပ်ပိုင်ခွင့်ရှိနေတော့ ကြောက်လို့ ပေးလိုက် ရတယ်”ဟု သန်လျင်မြို့နေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အပိုင်နယ်ထိန်း၊ အပိုင်စစ်အရာရှိများမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) တပ်သားသစ် စုဆောင်းသည့် အချိန်မှစ၍ ဒေသခံပြည်သူများထံမှ ငွေကြေးအတင်းအကျပ် တောင်းခံမှုများရှိနေပြီး ခွဲဝေစားသောက်မှုများ ရှိနေကြောင်း သိရသည်။
ထိုသို့ စစ်မှုထမ်းရန် မဲပေါက်သူကို ငွေကြေးထောက်ပံ့ မည်ဆိုသည့် ခေါင်းစဉ်တပ်ကာ ငွေကြေး ကောက်ယူနေသော်လည်း အများစုမှာ အဆိုပါငွေကြေးကို မရရှိဘဲ ရှေ့တန်းသို့ ပို့ဆောင်ခံရ၍ စစ်ကောင်စီက ပေးမည်ဟု တရားဝင်ကြေညာထားသည့် လစာကိုပင် အများစုမှာ မရရှိကြကြောင်း သိရသည်။
“မဲပေါက်တဲ့သူကို ထောက်ပံ့ဖို့ဆိုပြီး ပိုက်ဆံလာတောင်းသွားပေမယ့် အဲဒီပိုက်ဆံကို သူတို့ချင်းပဲ မျှစားကြတာ။ မဲပေါက်တဲ့သူက ရှေ့တန်းတောင်ရောက်နေပြီ။ လုပ်စားစရာ အကွက်ရနေကြတယ်”ဟု ရန်ကုန်မြို့နေ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်မှုထမ်းရန် သန်းခေါင်စာရင်းအတွင်း အသက်ပြည့်မီသူများ ပါရှိပါက ငွေကျပ်ငါးသောင်းအထိ တောင်းယူရာတွင် မပေးနိုင်ပါက နေ့စဉ်သွင်းငွေအဖြစ် ငါးသောင်း ကျပ်ပြည့်သည်အထိ ပေးဆောင် ရကြောင်း တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
စစ်ခေါင်းဆောင်က ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း အာဏာတည်စေပြီးနောက် စစ်မှု ထမ်းဆောင်ရန် တပ်သားသစ်များကို စစ်ကောင်စီနှင့် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များက နည်းမျိုးစုံဖြင့်စုဆောင်းနေပြီး ပြည်သူများထံမှ အတင်းအဓမ္မငွေကြေးတောင်းယူမှုများလည်း ရှိလာသည်။
ထို့အပြင် ဥပဒေအကြောင်းပြ၍ ဧည့်စာရင်းစစ်ဆေး ကာ စစ်မှုထမ်းရန်အသက်ပြည့်မီသူများကို ဖိအားပေး ဖမ်းဆီးခေါ်ဆောင်မှုများရှိနေပြီး အဆိုပါဖမ်းဆီးခံရသူများကို သင်တန်းသို့မပို့တော့ဘဲ စစ်ရေး ပြင်းထန်နေသည့် ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်မှုများရှိ ကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီတပ်ဖွဲ့ဝင်များလှည့်လည်နေစဉ် (ပုံဟောင်း)
#ရန်ကုန် #သန်လျင် #စစ်မှုထမ်းဥပဒေ #ငွေကြေးတောင်းယူ #Ayeyarwaddy_Times