
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ စစ်လက်နက် သိုလှောင်ရုံကို အာရက္ခတပ်တော် (AA) က လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၀ရက် ညနေ ၄နာရီခန့်တွင် နပခရှိ စစ်လက်နက်သိုလှောင်ရုံကို AAက လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်သိုလှောင်ရုံ ပေါက်ကွဲပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦးခန့် သေဆုံးသွားကြောင်း သိရသည်။
AA သည် အာပီဂျီနှင့် ရှော့တိုက်ဒုံး ၁၀လုံးထက်မနည်းကို နပခအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်သို လှောင်ရုံနှင့်တကွ အနီးရှိ စစ်ကောင်စီတပ် အရာရှိ နေအိမ်ပါ ပေါက်ကွဲပျက်စီးသွားကြောင်း သိရသည်။
“မနေ့ကအခြေအနေကရှုပ်ထွေးပါတယ်။ ၂နာရီကျော်ထဲက လေကြောင်းတိုက်ခိုက်နယ်မြေရှင်းတယ်။ ပြီးတော့ စစ်လက်နက်နဲ့ ခဲယမ်းထုတ်တွေချတယ်။ လေယာဉ်ပြန်တက်တော့လည်း တပ်တော်က လှမ်းပစ်တယ်။ နပခထဲ ညနေဘက် ပေါက်ကွဲသံတွေတော့ ဆက်တိုက်ကြားရတယ်။ လက်နက်တိုက် တာဝန်ရှိသူနဲ့ အစောင့်စစ်သားတွေထိတယ်ပြောတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်လက်နက်သိုလှောင်ရုံမှတဆင့် အနီးရှိ ရိက္ခာဂိုထောင် လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့ပြီး စစ်လက်နက် သိုလှောင်ရုံ ပေါက်ကွဲ၍ သိုလှောင်ရုံကြီးကြပ်သူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အစောင့်တပ်သား အများအပြားသေဆုံးမှုရှိကြောင်း သိရသည်။
AA အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်မှစတင်ကာ စစ်ရှိန်တဆင့်မြှင့်တင်၍ အမ်း နပခကိုဦးတည်တိုက်ခိုက်လာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရေးပါသော စခန်းကြီး၊ စခန်းငယ် ဒါဇင်ကျော်ကို သိမ်းယူထားနိုင်ခဲ့သည်။
ယမန်နေ့ တစ်နေ့တည်းတွင်ပင် အမ်း နပခသို့ စစ်လက်နက်၊ခဲယမ်းနှင့် ရိက္ခာလာပို့သည့် ရဟတ်ယာဉ် လေးစင်းကို ပစ်ချခဲ့ရာ တစ်စင်းထိမှန်ပျက်စီးပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် စစ်မြေပြင်အင်ဂျင်နီယာတပ် BEတပ်ရင်း၊ သရက်ပင်တပ်စခန်းနှင့် နတလဂိတ်တို့ အသိမ်းခံရပြီးနောက် စစ်အင်အားစုဆောင်းကာ ခံစစ်ပြင်တိုက်ခိုက်နေသော ပဲပဒုံ ဂိတ်ကိုလည်း AAက သိမ်းပိုက်နိုင်ခဲ့သည်။
#အမ်း #စစ်ကောင်စီ #နပခ #စစ်လက်နက်သိုလှောင်ရုံ #AA #လက်နက်ကြီးပစ် #ထိခိုက်သေဆုံး #Ayeyarwaddy_Times