ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲကင်းစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားနေပြီး ဝမ်းရောဂါကြောင့်ဗိုလ်မှူးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာပထမပတ်မှစတင်၍ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားနေ ခြင်းဖြစ်ပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကာ ရောဂါဖြစ်ပွားနေသူများကို ရေစကြို ဆေးရုံသို့ ပို့ဆောင်ကုသနေ‌ရကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံ ခြုံရေးအဖွဲ့ CDSOM မှ ကိုနွေဦး(မြောင်)ထံက သိရသည်။

“မြောင်နယ် ကျောက်ရစ်ရဲစခန်းက ဝမ်းပျက်၊ ဝမ်း လျှောရောဂါကြောင့် ဗိုလ်မှူးတစ်ဦးသေတယ်။ ရောဂါရသူတွေကို ရေစကြိုဘက်ကို ပို့ပေးလိုက်ပြီး လူသစ်တွေနဲ့ချိန်းလိုက်တယ်”ဟု CDSOM တပ်ဖွဲ့ ခေါင်းဆောင် ကိုနွေဦး(မြောင်)က ဧရာဝတီတိုင်းမ်ကို ပြော သည်။

ကျောက်ရစ်စခန်းမှ ဝမ်းပျက် ဝမ်းလျောရောဂါရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကြောင်းဖြင့် ချင်းတွင်းမြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်၍ ရေစကြိုဘက်မှ မြစ်ကြောင်းအတိုင်း စက်လှေဖြင့် လာခေါ် သည့် စစ်ကောင်စီတပ်သားများနှင့်လူချိန်းမှုများ ပြုလုပ်ကြောင်း သိရသည်။

ဝမ်းရောဂါဖြစ်နေသည့် စစ်ကောင်စီတပ်သားများကို ဆေးကုရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က ရေစကြိုဘက်သို့ ခေါ်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ရဲကင်းစခန်းအတွင်းမှ အပြင်မထွက်ဘဲ ကတုပ်ကျင်း၊ ဘန်ကာနှင့် တပ်စခန်းအတွင်း၌သာ ပုန်း အောင်းနေထိုင်ကြရာမှ ရေမသန့်ရှင်းမှုများနှင့် မိုး အဆက်မပြတ်ရွာသွန်းမှုများကြောင့် ဝမ်းရောဂါဖြစ် ပွားခြင်းဖြစ်နိုင်ကြောင်း ကိုနွေဦးကဆိုသည်။

မြောင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် စာသင်ကျောင်းရှိ ဆရာ၊ ဆရာမနှင့် ကလေးငယ်များလည်း တုပ်ကွေးရောဂါနှင့် ဝမ်းရောဂါဖြစ်ပွားမှုများရှိနေကြောင်း သိရသည်။

#စစ်ကိုင်း #မြောင် #ကျောက်ရစ်ရဲကင်းစခန်း #စစ်ကောင်စီတပ်သားများ #ဝမ်းပျက်ဝမ်းလျှော #‌ဗိုလ်မှူးသေဆုံး #Ayeyarwaddy_Times