ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ အဓိကတပ်ရင်းနှစ်ခုဖြစ်သည့် ခမရ ၃၄၆နှင့် ခမရ ၅၄၄ တို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

AA သည် ယမန်နေ့ နိုဝင်ဘာ ၉ရက်နေ့တွင် တပ်ရင်း နှစ်ခုအနီးထိ နီးကပ်စွာ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သည့်အတွက် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးနေရကြောင်း သိရသည်။

စစ်ကောင်စီ၏ ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်မှစ၍ AAက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့မှစတင်ကာ အနီးကပ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဖုန်ညိုက လူတွေအကုန်ပြောင်းပြေးရတယ်။ သည်းခံ တောင်ဘုရားကုန်းကလည်း မနေ့က တစ်နေ့လုံး လက်နက် ကြီးတွေနဲ့ ပစ်ကူတယ်။ တပ်ရင်းနှစ်ခုက ကပ်နေတော့ နှစ်ရင်းလုံးကို တပ်တော်က ဝင်တိုက်နေတာပါ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည့်အတွက် ရန်ခိုကျေးရွာနှင့် ဖုန်ညို ကျေးရွာများမှ ဒေသခံများ ရွာလုံးကျွတ်ထွက် ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် တောင်ကုတ်ရှိ သလိန်ပြင်၊ တောင်ရွာ၊ နတ်မော်နှင့် ဒုံရွာတို့မှ ဒေသခံများကို ပြောင်းရွှေ့ကြရန် AA က ပြောဆိုမှုများရှိကြောင်း သိရသည်။

တောင်ကုတ်မြို့အနီးရှိ ကိုင်းရှည်ရွာ အာလိန်ငါးဆင့်ကျောင်းအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၇ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးပြီး အလောင်းများကို ကားများဖြင့်တင်ကာ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အတွင်းသို့ သယ်ဆောင်သွား ကြောင်း သိရသည်။

စစ်ကောင်စီ၏ တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင်ရာဘာခြံရှိ လက်နက်ကြီးအထိုင်စခန်း၊ တက္ကသိုလ်စစ်ဆေးရေးဂိတ်ကာကင်း၊ တောင်ကုတ်တက္ကသိုလ်ဝန်းအတွင်း အခြေချထားသည့် စစ်ကောင်စီတပ်စခန်းတို့ကို AA က သိမ်းယူထားနိုင်ခဲ့သည်။

#တောင်ကုတ် #စစ်ကောင်စီ #ခမရ၃၄၆ #ခမရ၅၄၄ #AA #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times