ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

မကွေးနှင့် ရခိုင်ပြည်နယ်အစပ် အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား လေးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများသည် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စု ဆောင်းခံရသည့် သင် တန်းသားသစ်များဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (PDF Asho) ထံက သိရသည်။

“၃၇၃ စခန်းတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းနေချိန်မှာ စခန်းထဲမှာ ရှစ် ယောက်ပဲကျန်တယ် ပြောတယ်။ သူတို့အရာရှိကွန်မန်ဒိုက ဘယ်လိုပဲ တက်ပစ်လို့ပြောပြော တက်မတိုက်ရဲတော့ဘူးလို့ သိရတယ်။ ခြောက်ယောက်ကိုထားခဲ့ပြီး သူတို့ထဲကနှစ်ယောက်က ဆက်မတိုက်ရဲတော့လို့ တောထဲမှာ လက်နက်တွေပစ်ထားခဲ့ပြီး တောလမ်းအတိုင်းထွက်ပြေးလာတာလို့ သိရတယ်။ ဒီဘက်ရခိုင်နဲ့ မကွေး အစပ်ကို ကျွံဝင်လာတော့ ကျွန်တော်တို့ဖမ်းဆီးရမိခဲ့တာပါ”ဟု CDF-Asho တပ်ဖွဲ့တာဝန်ရှိသူ ဆလိုင်ရိုချင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)လက်အောက် ခံ အမ်းအခြေစိုက် ခမရ ၃၇၃ မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ခမရ ၃၇၁ ကြက်ရေ စမ်းနယ်ခြားစောင့်ဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက် ပြေးလာသည့် စစ်ကောင်စီတပ်သားနှစ် ဦးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း CDF-Asho တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းခံ ရကာ သင်တန်းဆင်းပြီးနောက် ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရသူများဖြစ်ကြောင်း သိရပြီး တပ်သားသစ် သက်နိုင် ၂၉ နှစ်၊ သက်နိုင်ဦး ၃၇ နှစ်၊ ရဲမွန်ဦး ၂၉ နှစ်နှင့် ကျော်မင်းဦး ၂၀ နှစ်တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA က အမ်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အသေအပျောက်များကာ တပ်ရင်းအတွင်းမှ ကြောက်လန့်တကြား ထွက်ပြေးသူများ ရှိနေပြီး ဖမ်းဆီးရမိသူများထဲတွင် စိတ်ကစဉ့် ကလျားဖြစ်နေသူများပင်ရှိကြောင်း ဆလိုင်းရိုချင်းက ဆိုသည်။

ဓာတ်ပုံ-PDF Asho
#အမ်းတိုက်ပွဲ #ထွက်ပြေး #စစ်ကောင်စီတပ်သား #၄ဦး #ချင်းကာကွယ်ရေးတပ် #CDF_Asho #ဖမ်းဆီး #Ayeyarwaddy_Times