နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

စစ်ရှုံးနေသည့် အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း ဥပဒေအပါအဝင် ဝါဒဖြန့်ဘာသာရပ်များကို ၎င်းတို့လက်အောက်ခံ အခြေခံပညာ ကျောင်းများတွင် သင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ထံက သိရသည်။

လက်ရှိ လက်ကျန်စာသင်နှစ် (သို့မဟုတ်) လာမည့် ပညာသင်နှစ်များတွင် စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် တော်လှန်ရေး အင်အားစုများကို ပုံဖျက်ရေးထားသော အကြမ်းဖက်ဥပဒေ စသည့်ဝါဒဖြန့် ဘာသာရပ်များ သင်ကြားရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများတွင် မတရားသည့် ဥပဒေများကို သင်ယူခိုင်းလျှင် ဖြူစင်သော ကလေးများ ညစ်နွမ်းသွားစေမည်ဟု ထိုင်း-မြန်မာ နယ်စပ်ရောက် အခြေခံပညာ အထက်တန်းအဆင့် CDM ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“သူတို့ (စစ်ကောင်စီ) အတင်းအဓမ္မ သင်ကြားခိုင်းလာရင် တော်လှန်ရေး အင်အားစုတွေကလည်း ဒါဟာ မတရားတဲ့ လုပ်ရပ်ဆိုတာ ကျောင်းသားတွေဆီရောက်အောင် ဝါဒဖြန့်ပေးဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ CDM ဆရာမက ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရန်ကုန်၊ မကွေး၊ မွန်နှင့် ရှမ်းတောင်ရှိ ၎င်တို့ထိန်းချုပ်မြို့များတွင် အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများကို ရက်တိုသင်တန်း သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများ၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်များကို ဆရာ၊ဆရာမများမှတဆင့် Grade -11 နှင့် Grade-12 အတန်းအပါအဝင် အခြေခံပညာကျောင်းများရှိ ဆယ်ကျော်သက် လူငယ်များဆီ ပျံ့နှံ့ရောက်ရှိရန် ဖြစ်သည်ဟု BACS ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ ခေတ်တုန်းကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်/ နိုင်ငံရေးသိပ္ပံကို တက္ကသိုလ်နောက်ဆုံးနှစ်အထိ သင်ရတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာလည်း ထိုင်းနဲ့ရန်ဖြစ်တော့ ထိုင်းဆန့်ကျင်ရေးတွေ၊ ဒေါက်တာမတင်ဝင်း ရေးတာတွေ သင်ရတာပဲ။ အောင်မြင်မယ် မထင်ပါဘူး” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသင်တန်းများကို‌ စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းကိုလည်း ၎င်းတို့ထိန်းချုပ်ထားသော မြို့များတွင် အောက် တိုဘာ ၂၈ ရက်မှ ယခုနိုဝင်ဘာအထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖွင့်လှစ်ရာ ရန်ကုန်၊ မကွေး၊ မော်လမြိုင်တို့မှ အခြေခံပညာ ဆရာ၊ ဆရာမ ၇၀၀ နီးပါး တက်ရောက်ခဲ့သလို သင်တန်းကာလအနေဖြင့် ၁၀ ရက်မှ ၁၂ ရက်အထိ ကြာမြင့် မည်ဖြစ်ကာ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အလားတူ သင်တန်းမျိုး မကြာမီ စတင်အကောင်ထည် ဖော်လာနိုင်ချေရှိကြောင်း BACS ထံက သိရသည်။

အဆိုပါဝါဒဖြန့် ဘာသာရပ်များကို စစ်ကောင်စီက လက်အောက်ခံ အခြေခံပညာ ကျောင်းများတွင် ထည့်သွင်းသင်ကြားရန် ပြင်ဆင်နေသည် ဆိုခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနမှ မေးမြန်းရန် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

ထို့အပြင် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ ကလော၊ ဟဲဟိုးမြို့နှင့် ကရင်နီပြည် လွိုင်ကော်မြို့တို့တွင်လည်း မှုခင်းအသိ ပညာပေး သင်တန်းများနှင့် တွဲဖက်၍ “ဥပဒေပညာ ဖြန့်ဝေရေး” ဟု အမည်တပ်ထားသော ဝါဒဖြန့်သင်တန်း အမျိုးစားများကို အခြေခံပညာ အထက်တန်းကျောင်း အသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်၊ စည်းရုံးရေး ကိစ္စများကို အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်ရပ်ဝန်းများအား ဦးတည်လုပ်ဆောင်နေပြီး ယခင်က တက္ကသိုလ်ရောက်မှသာ ဥပဒေပညာရပ်ကို သီးသန့်လေ့လာ သင်ယူကြရကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ#အခြေခံပညာကျောင်းများ# ဝါဒဖြန့်ဘာသာရပ်များ #ထည့်သွင်းသင်ကြားရန်ပြင်ဆင် #Ayeyarwaddy_Times