ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၁၀ ရက်)
ကမ္ဘာပေါ်မှာအမှတ်မထင် မတော်တဆသေဆုံးမှု တတိယအများဆုံးဖြစ်စဉ်က ရေနစ်ခြင်းပါတဲ့။ မတော် တဆထိခိုက်သေဆုံးခြင်းရဲ့ ဆယ်ပုံတစ်ပုံက ရေနစ်ခြင်းကြောင့်ဖြစ်ပါတယ်။ နှစ်စဉ် လူသုံးသိန်းကျော် ရေနစ်ခြင်းကြောင့်အသက်ဆုံးရှုံးလျက်ရှိနေပါတယ်။
ရေနစ်ခြင်းအန္တရာယ်ကို ကျန်းမာရေးပြဿနာအဖြစ် နိုင်ငံကြီးတွေက ယူဆလျက်ရှိပါတယ်။ ရေနှင့်နီးနီး ကပ်ကပ်နေထိုင်သူ ကလေးငယ်များနှင့် အမျိုးသားများမှာ ရေနစ်ခြင်းအန္တရာယ်ကို ပိုမိုကြုံတွေ့ကြ ရပါတယ်။
လူတစ်ယောက်ဟာ အသက်ရှုလမ်းကြောင်းထဲမှာ လေဝင် လေထွက်ရှိမှသာ အသက်ရှုနိုင်ပါမယ်။ သို့မဟုတ်ပါက အောက်ဆီဂျင်ပြတ်လပ်ခြင်းဒဏ်ကို နှလုံးသား ဦးနှောက်နှင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးအင်္ဂါအစိတ်ပိုင်းတွေက ထိခိုက်ခံစားရပြီး စက္ကန့်မိနစ်ပိုင်းအတွင်းကို သေစေနိုင်ပါတယ်။ ရေနစ်သွားတဲ့အခါ အသက်ရှုလမ်းကြောင်းမှာ အရည်တွေပိတ်ဆို့၍ သေဆုံးရပါတော့တယ်။
ရေနစ်ခြင်းကြောင့် အသက်အရှူမရဖြစ်ခြင်း၊ မွန်းကြပ်ခြင်း၊ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲရေဝင်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ အဆုတ်နံရံသွေးကြောများမှသွေးများယိုစီးထွက်လာခြင်း တို့ဖြစ်၍ နောက်ဆုံးတွင် အသက်အန္တရာယ်သေဆုံးသည်အထိဖြစ်သွားနိုင်ပါတယ်။
ရေနစ်သူကိုကယ်ဆယ်ခြင်း
ရေနစ်သူကို ကယ်ဆယ်ခြင်းမှာ အရေးပေါ်ရှေးဦးပြုစုကုသခြင်းက အရေးအကြီးဆုံးဖြစ်ပါတယ်။ ရေနစ်သူကိုချက်ချင်း အသက်ကယ်ဖို့လုပ်ရပါမယ်။ လုံးဝလုံးဝတုံ့ဆိုင်းနေလို့မရပါဘူး။ သေဆုံး နိုင်သော ရေနစ်ခြင်းကြုံရသူကို ကုသကယ်တင်သည့်အခါ ကျန်းမာရေးစနစ်ကောင်းမွန်သောဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ကုသခြင်းကို အပြည့်အဝလုပ်နိုင်သော်လည်း မြန်မာနိုင်ငံမှာတော့ အသက်ရှူစက် အပြည့်အစုံမရှိခြင်းအပါအဝင် ဆေးဝါးပစ္စည်းမရှိခြင်းကြောင့် ကယ်တင်စဥ်မှာပင် အသက်ဆုံးရှုံးသူ များပြားပါတယ်။
ရေထဲမှာ အလောင်းတစ်ခုတွေ့တဲ့အခါတိုင်း ရေနှစ်သေဆုံးခြင်းဖြစ်နိုင်ပါတယ်လို့တော့ တထစ်ချ ပြောလို့မရပါဘူး။ ရေနစ်သူကို သေဆုံးပြီးရင်ခွဲစစ်ဆေးခြင်းပြုလုပ်သည့်အချိန်တွင် အမှန်တကယ် ရေနစ်ခြင်း မှန်ကန်ပါက ယခုလိုထူးခြားတဲ့တွေ့ရှိချက်တွေကိုမှတ်တမ်းပြုတွေ့ပါလိမ့်မယ်။
ရေနစ်သူဟာ အသက်ရှင်သန်ဖို့ ပြင်းပြင်းထန်ထန်အသက်ရှူ၍ ကြိုးစားအားထုတ်သော်လည်း ရေများသာရှူရှိုက်မိ၍ ပလုံစီနေသောရေမြှုပ်များကို အသက်ရှူလမ်းကြောင်းမှာ တွေ့မြင်ရပါတယ်။ မြိုချမိတဲ့ ရေတွေဟာ အစာအိမ်အတွင်းမှာရှိတဲ့ လေနဲ့ရေရောပြွမ်းပြည့်နှက်နေပါမယ်။ အဆုတ် အတွင်း မှာလည်း ရေတွေစိမ့်ဝင်နေပါမယ်။
ရေနစ်စဉ် မျိုချရှူရှိုက်ခဲ့သော အရည်များ၊ အမှိုက်သရိုက်များ၊ ရေပေါက်ပင်များနဲ့ ရေမှော် ရေညှိတွေဟာ ပါးစပ်နဲ့ နှာခေါင်းမှတစ်ဆင့် အစာလမ်းကြောင်း အသက်ရှူလမ်းကြောင်းအတွင်းသို့ ရောက်သွားတတ်ပါတယ်။ ရေနစ်စဉ် ပင်ပင်ပန်းပန်းရုန်းကန်ရခြင်းကြောင့် လည်ပင်းကြော ကြွက်သားတွေမှာ သွေးယိုစိမ့်ခြင်းကိုလည်း ထူးထူးခြားခြားတွေ့မြင်ရတတ်ပါတယ်။ သွေးရောင် စွန်းထင်းပြီးမျက်လုံးနီးရဲခြင်းကိုလည်း တွေ့ရတတ်ပါတယ်။
လူသတ်ပြီး ရာဇဝတ်မှုကျုးလွန်သူတွေဟာ သေဆုံးသူကိုရေနစ်ခြင်းကဲ့သို့ပုံစံပြုလုပ်ပြီး အစဖျောက် တတ်ကြသလို ရေနစ်ခံ၍ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း ပုံစံမျိုးကိုလည်း ဖန်တီးတတ်ကြပါတယ်။
ရေနစ်ခြင်းအတွက်ကြိုတင်ကာကွယ်မှုများ
ရေကူးသည့်အခါ ရေနစ်ခြင်း အန္တရာယ်ကိုအမြဲတွေးထားသင့်ပါတယ်။ အရက် သေစာသောက်စားပြီး ရေကူးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အတက်ရောဂါရှိသူတွေဟာ ရေကူးခြင်းကို မလုပ်သင့်ပါဘူး။ ကလေးငယ်တွေနဲ့ အတူရေကူးတဲ့အခါမှာလည်း ရေကူးကျွမ်းကျင်သူအုပ်ထိန်းသူများက စနစ်တကျစောင့် ရှောက်ပေးသင့်ပါတယ်။ အရေးပေါ်အသက်ကယ်ပညာပေးခြင်းများကိုလည်း လူတိုင်းကို သင်ကြား ပေးထားသင့်ပါတယ်။
မြစ်အတွင်း၊ စမ်းချောင်းအတွင်း၊ ရေကန်အတွင်း ရေကူးကန်အတွင်း ရေကူးပါက အသက်ကယ်အင်္ကျီ ရေကူးဘောကွင်း နှင့်ကယ်ဆယ်ရေးပစ္စည်းများအဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်။ ရေပေါ် အားကစားများ၊ ရေလမ်းခရီး သွားလာရေးများအတွက် သင်္ဘောလှေများတွင် အသက်ကယ်ပစ္စည်းများ အပြည့်အစုံစီစဉ်ထားရပါမယ်။
ရေနစ်လူနာကိုပြုစုကုသခြင်း
ရေနစ်သူကို ကြမ်းခင်းအမာရှိသည့်နေရာတွင် ပက်လက်အနေအထား ထားပါ။ အသက်ရှူ လမ်းကြောင်းတွင်ပိတ်ဆို့နေသောအမှိုက်များဖယ်ရှားပါ။ ရေများကိုအန်ထုတ်အောင်လုပ်ပါ။ အဆုတ် အတွင်းသို့လေဝင်စေရန် ငါးကြိမ်တိတိ လေကို မှုတ်သွင်းကယ်တင်ပါ။ ပြီးသည်နှင့်တပြိုင်နက် လက်နှစ်ဘက်ဖြင့် ရင်ဘတ်ဖိနှိပ်၍ နှလုံးခုန်စေရန်ကုသမှုကို ဆက်တိုက်လုပ်ရပါမယ်။ အရေးပေါ်အသက်ကယ်တင်ခြင်း နှလုံးခုန်စေဖို့ ရင်ဘတ်ဖိနှိပ်ခြင်းကို တစ်မိနစ်လျှင် အကြိမ် ၁၀၀ မှ ၁၂၀ အထိရောက်အောင် လုပ်ပေးရပါမယ်။ တစ်ချိန်ထဲမှာအောက်စီဂျင်ပေးပြီး ဆေးရုံသို့ပို့ဆောင်ဖို့ စီမံရပါမယ်။
ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့စဉ်မှာလည်း လူအမြောက်အများဟာ ရေနစ်မြုပ်ခြင်းကိုကြုံတွေ့ခံစားပြီးအသက်ဆုံးရှုံးသွားတတ်ကြပါတယ်။
“သတင်းအချက်အလက်တွေက အသက်ကယ်တင်နိုင်သည်” ဆိုတဲ့စကားအတိုင်း မိုးလေဝသနှင့် ထူးခြားဖြစ်စဉ်သတင်းများကိုအချိန်နှင့်တပြေးညီထုတ်ပြန်ထားပေးသင့်ပါတယ်။
ရေကြီးရေလျှံသတင်းတွေကို အများပြည်သူအသိမပေးပဲ သတင်းအမှောင်ချထားခြင်းကြောင့် မြန်မာ နိုင်ငံမှာ လူအမြောက်အများသေဆုံးရခြင်း၊ ရွာလုံး ကျွတ်ပျောက်ဆုံးသွားခြင်း ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်စဉ်တွေဟာ မတရားအာဏာ သိမ်းယူခဲ့ပြီး တိကျတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန် ခြင်းမပြုဘဲ သတင်းအမှောင်ချအုပ်ချုပ်တဲ့ စစ်ခေါင်းဆောင်တွေ တာဝန်ယူချိန်မှာ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကို ခံစားရလေ့ရှိတဲ့နိုင်ငံဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးတို့အပါအဝင် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရမှုအများဆုံးနိုင်ငံတွေထဲမှာ ဒုတိယနေရာက ရှိပါတယ်။ အခု ၂၀၂၄ ဩဂုတ် လနှင့် စက်တင်ဘာလမှာအတွင်းပင် ရေကြီး ရေလျှံမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူများ ရာနှင့်ချီ သေဆုံးခဲ့ရပါတယ်။
လူသိန်းနှင့်ချီ သေဆုံးခဲ့ရတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလို ဖြစ်စဉ်တွေ၊ မြစ်ရေလွှမ်းခြင်း၊ တောင်ကျ ရေကျဆင်းခြင်းတို့ကြောင့် ရွာလုံးကျွတ်ပျက်စီး သေကြေခဲ့ရတဲ့ ဖြစ်စဉ်တွေမှာလည်း တာဝန်ယူ တာဝန်ခံခြင်းမရှိခဲ့ပါဘူး။ ကြိုတင်အသိပေးကြေညာခြင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ် ဖြစ်အပြီး ကယ်တင်ကူညီခြင်းတွေကို အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ နိုင်ငံတကာကနေ ပေးလာတဲ့အကူညီတွေကိုပင် တံဆိပ်ဖြုတ်ပြီး စစ်တပ်တံဆိပ်ရိုက်နှိပ်ဖြန့်ဝေကာ မျက်နှာလုပ် ကြပါတယ်။
ဒါကြောင့် ရေနစ်ခြင်းအန္တရာယ်ကဲ့သို့ ကြောက်စရာကောင်းတဲ့ စစ်အာဏာရှင်အုပ်ချုပ်ခြင်း ခံနေရတဲ့ အန္တရာယ်မှလည်းလွတ်မြောက်ကြစေဖို့ဆုတောင်းပါတယ်။
နောက်တစ်ပတ်မှာတော့ အမျိုးသမီးသန့်စင်ဆေးရည်များအကြောင်းဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များအနေနဲ့ စောင့်မျှော်ကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ဆောင်းပါး #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ရေနစ်ခြင်းနှင့်အသက်အန္တရာယ် #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)