ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာ ၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ လူနေအိမ်များကို ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီကျော်ခန့်မှစတင်၍ မီးရှို့နေပြီး လူနေအိမ်အများအပြားမီးလောင်ပျက်စီးနိုင်ကြောင်း ဒေသခံများ ထံက သိရသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် အနောက်ရပ်ကွက်၊ ဆည်မြောင်းရုံးဝန်းရှိ ဝန်ထမ်း အိမ်ရာများကိုလည်း စစ်ကောင်စီတပ်များက မီးရှိူ့ဖျက်ဆီးခဲ့ပြီး တစ်ချို့ ပျဥ်များကို မီးစိုက်ရန် ယူဆောင်သွားကြောင်းသိရသည်။

“အခု မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ ကန်ပက်လက်လမ်းခွဲနားတစ်ဝိုက်မှာ မီး ၂ နေရာ ထပ်လောင်နေပြန်ပြီလို့ ကြားသိရပါတယ်။ ယခုလက်ရှိ မီးခိုးအမဲတွေ တွေ့နေရဆဲပါ။တစ်အိမ်ပြီး တစ်အိမ်ကူးနေတယ်လို့ ကနဦးသိရတယ်။ မနက်က လောင်တဲ့ ခေါနူးရိပ်သာနားနဲ့ စံမင်းသီရိနား တစ်ဝိုက်ကတော့ မီးငြိမ်းသွားပြီလို့ သိရပါတယ်” ဟု မင်းတပ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မင်းတပ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုများနေ့စဥ်ပြုလုပ်နေသလို လက်နက် ကြီးများလည်း ရမ်းသန်းပစ်ခတ်နေကြောင်းသိရသည်။

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလအတွင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)မှ တပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ကြောင်း CDF-မင်းတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-HKL
ပုံစာ-မင်းတပ်မြို့ပေါ် လူနေအိမ်များမီးလောင်နေသည့် မြင်ကွင်း။
#မင်းတပ်မြို့ #စစ်ကောင်စီတပ် #ဝန်ထမ်းအိမ်ယာများ #လူနေအိမ်အများအပြားမီးရှို့ #Ayeyarwaddy_Times