ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ရက်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တိုက်ပွဲတွင်း ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းဆီးရမိကြောင်း ချင်းကာကွယ်ရေးတပ် (အရှို) တာဝန်ခံ ဆလိုင်းရိုးချင်းထံက သိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသည် အမ်းမြို့ရှိ စစ်ကောင်စီ၏ နပခ အား အာရက္ခတပ်တော် ( AA )မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ကို မကွေးနှင့်ရခိုင်အစပ် CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“နှစ်ယောက်ကတော့ အမ်းမြို့ ခမရ ၃၇၃ တပ်ရင်းကို AA သိမ်းချိန်မှာ စခန်းတွင်း ရှစ်ယောက်ပဲ ကျန်တော့ချိန်မှာ ကြောက်လန့်ပြီး ထွက်ပြေးလာတာဖြစ်တယ်။ နောက်နှစ်ယောက်တော့ ခမရ ၃၇၁ တပ်ရင်းကဖြစ်တယ်။ နယ်ခြားဂိတ် ကံမြင်းကန်ဂိတ်အနီး ကြက်ရေစမ်းတွင် စစ်ကြောင်းချထားချိန် ကင်းချိန်အတွင်း ပြေးလာကြတာဖြစ်တယ်” ဟု CDF-Asho တာဝန်ခံ ဆလိုင်းရိုးချင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမ်းမြို့ ( နပခ ) ရှိ ခမရ ၃၇၃ တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား သက်နိုင်နှင့် တပ်သားသက်နိုင်ဦးတို့ကို အောက်တိုဘာ ၃၀ရက်နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ခမရ ၃၇၁ တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ရဲမွန်ဦးနှင့် ကျော်မင်းဦးတို့ကို နိုဝင်ဘာ ၃ရက်နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ၎င်းတို့စစ်ဆေးထွက်ဆိုချက်အပေါ် မူတည်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“သူတို့တွေ လက်တလော စိတ်ပိုင်းဆိုင်ရာလည်း ပုံမှန်မဟုတ်ကြသေးတဲ့အတွက် ထိန်းသိမ်းမေးမြန်းရုံပဲ ရှိပါသေးတယ်။ ဆက်လက် လုပ်ဆောင်ဖို့ကတော့ ဖြေကြားမှုတွေနဲ့ စုံစမ်းသ်ိရှိရတဲ့ အခြေနေပေါ် မူတည်နေသေးတာမို့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး” ဟု CDF-Asho တာဝန်ခံ ဆလိုင်းရိုးချင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို CDF-Asho က နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

#အမ်းမြို့နယ် #ထွက်ပြေးလာသော #စစ်ကောင်စီ #တပ်ဖွဲ့ဝင်၄ဦး #CDFအရှို #အရှင်ဖမ်းမိ
#Ayeyarwaddy_Times