နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ခရီးစဉ်အတွင်း ၎င်းတို့ကို အထိနာ စစ်ရှုံးစေသော မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များအပါအဝင် လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ တရုတ်ဝန်ကြီးချုပ်ထံ တိုင်ကြားကာ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။
အာဏာသိမ်း လေးနှစ်နီးပါးအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခွင့်ရခဲ့သည့် စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် ကူမင်းမြို့တွင် တွေ့ဆုံစဉ် ၎င်းတို့ စစ်ရှုံးနေမှုကို အဓိကထား တိုင်ကြားခဲ့ကြောင်းကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်အစိုးရအနေဖြင့် စစ်ခေါင်းဆောင်ကို ကူညီပေးရန်အတွက် မြောက်ပိုင်းအဖွဲ့များအပေါ် ဖိအားများ တစ်စုံတစ်ရာ များလာနိုင်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းမျာ (EROs) ၏ လှုပ်ရှားမှုကိုမူ ထိပါးနိုင်ခြေရှိလာနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နှင့် အာရက္ခတက်တော် (AA) တို့ကို “သောင်းကျန်းသူအဖွဲ့များ” ဟု သုံးနှုန်းကာ ၎င်းတို့၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။
ယင်းအပြင် MNDAA အနေဖြင့် အထူးဒေသ (၁) ပြန်လည်ရရှိရေး နယ်စပ်ဒေသရှိ ၎င်းတို့၏ လုံခြုံရေး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို အင်အားသုံး စတင်တိုက်ခိုက်ခဲ့သလို တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော “ဟိုင်ဂင်” ငြိမ်းချမ်းရေး သဘောတူညီချက်ကိုလည်း ချိုးဖောက်နေသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။
၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားသော်လည်း ညီနောင် မဟာမိတ် သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျှင် ဆွေးနွေးနိုင်မည်ဖြစ်ပြီး နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဟု တရုတ်ဝန်ကြီးချုပ်ကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
အဆိုပါ စစ်ခေါင်းဆောင်၏ စွပ်စွဲတိုင်ကြားချက်အပါအဝင် ငြိမ်းချမ်းရေးကိစ္စရပ်များ ကမ်းလှမ်းချက်အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့၏ လိုလားချက်နှစ်ချက်ကို သတင်းမီဒီယာများမှတစ်ဆင့် တုံ့ပြန်ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် ရလိုပါက တစ်အချက်အနေဖြင့် ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် သက်မှတ်ခြင်းမှ ပယ်ဖျက်ပေးရမည်ဖြစ်ပြီး နံပါတ်နှစ်အနေဖြင့် စစ်ကောင်စီက လက်ရှိ မြန်မာနိုင်ငံအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုနှင့် ဒုစရိုက်မှုများကို ဝန်ခံ၍ နိုင်ငံရေးမှ ထွက်ခွာသွားမည်ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးမည်ဖြစ်ကြောင်း TNLA က တုံ့ပြန်ထားသည်။
အဆိုပါ အခြေအနေများအရ စစ်ခေါင်းဆောင်အနေဖြင့် အလျှော့ပေးမည့် လက္ခာဏာမရှိသလို တော်လှန်ရေး အင်အားစုဘက်ကလည်း စစ်ကောင်စီကို နိုင်ငံရေးက ထွက်သွားရန် အဓိကထားခြင်းဖြစ်၍ နှစ်ဘက်စလုံး၏ တောင်းဆို ချက်များဝေးကွာနေသေးကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇောက ဆိုသည်။
“တရုတ်ဝန်ကြီးချုပ်က အလေးထားပြီးတော့ ပြောတဲ့တစ်ချက် ရှိတယ်။ အဲဒါဘာလဲဆိုရင် မြန်မာပြည်မှာရှိတဲ့ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တာဝန်ခံဖို့၊ ဂရုစိုက်ဖို့မှာ လိုက်တာပဲ” ဟု ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းပြောဆိုချက်သည် စစ်ခေါင်းဆောင်နှင့် ၎င်းတို့၏ လက်ကိုင်တုတ် မဘသ နှင့် မျိုးချစ်အမည်ခံအဖွဲ့များကို ရည်ညွန်း၍ တရုတ်ဆန့်ကျင်ရေးများ ဆက်လုပ်လာမည်ကို အနည်းငယ် စိုးရိမ်ပူပန်သဖြင့် ခေါ်ဟန့်လိုက်ခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။
တရုတ်ဝန်ကြီးချုပ် လီချန်းက မြန်မာ့ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါး ရပ်ကို အပြည့်အဝ ထောက်ခံကာ တရုတ်နိုင်ငံအနေဖြင့် အားပေးကူညီသွားမည်ဖြစ်ပြီး ပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်မှုကိုလည်း ချီးကျူးကြောင်း ပြောဆိုထားသည်။
ထိုသို့ တရုတ်အစိုးရ၏ ဖိအားများကြောင့် စစ်ကောင်စီနှင့် EROs တို့၏ တိုက်ပွဲများသည် ၆ လအတွင်း တန့်သွားနိုင်မည်ဟု ယူဆမိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။
“ဒါပေမယ့် သူတို့က Outsource ပြင်ပအုပ်စုတွေကို ဆက်ထောက်ပံ့ပြီး စစ်ကောင်စီ အလုပ်ရှုပ်နေအောင် လုပ်ခိုင်းထားနိုင်တယ်။ အထူးသဖြင့် စစ်ကိုင်း၊ မကွေး၊ အညာက PDFs တွေပေါ့။ အဲဒီမှာတော့ တိုက်ပွဲတွေ ဆက်ရှိနိုင်တယ်။ မြို့သိမ်းတာမျိုးတော့ မရှိနိုင်ဘူး။ ခက်ခဲမယ်” ဟု ၎င်းက ပြောသည်။
တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကူညီမည်ဖြစ်ပြီး မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးသည် အရေး ကြီးသလို တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
“မင်းအောင်လှိုင်လုပ်မယ့် ရွေးကောက်ပွဲ အစီအစဉ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်အောင် တရုတ်ဘက်က တိုက်တွန်းလာပါလိမ့်မယ်။ နောက်ပြီး တရုတ်က သူ့ရဲ့စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးတာတွေ လုပ်ပါလိမ့်မယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
လက်ရှိတွင် “ဝ” တပ်မတော် (UWSA) က ဦးဆောင်၍ မြောက်ပိုင်းမဟာမိတ် အဖွဲ့များဖြစ်သော SSPP၊ KIA၊ MNDAA ၊ NDAA၊ TNLA ၊ AA တို့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သည် ပန်ဆန်းမြို့တွင် အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #စစ်ရေးရှုံးနိမ့်နေမှု #တရုတ်ဝန်ကြီးချုပ် #တိုင်ကြားအကူအညီတောင်း #Ayeyarwaddy_Times